မြန်မာနိုင်ငံမှာ မြွေဆိပ်ဖြေဆေး အလုံအလောက် မထုတ်နိုင်လို့ IRIN ပြော
2013.12.11
မြန်မာနိုင်ငံမှာ မြွေအန္တရာယ်ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ အောင်မြင်ပေမဲ့၊ ပြည်တွင်းမှာ မြွေဆိပ်ဖြေဆေး အလုံအလောက် မထုတ်လုပ်နိုင်တာကြောင့် သေဆုံးနှုန်း သိသိသာသာလျော့ကျမလာဘဲ ဖြစ်နေတယ်လို့ IRIN ကုလသမဂ္ဂ သတင်းဌာနက ပြောပါတယ်။
မြွေကိုက်ခံရတဲ့နှုန်း မြင့်မားတဲ့မြန်မာနိုင်ငံမှာ ၁၉၉၄ ခုနှစ်ကစပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မြွေကိုက်မှု ထိန်းချုပ်ရေးအဖွဲ့ဖွဲ့ပြီး ပညာပေးနဲ့ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ပညာပေးလုပ်ငန်းတွေကြောင့် အခုအခါ မြန်မာနိုင်ငံမှာ မြွေကိုက်ခံရသူတွေကို အရင်ကလို ရှေးရိုးနည်းတွေနဲ့ ကုသတာတွေ မလုပ်ကြတော့ဘဲ ဆေးရုံတွေကို သွားရောက်ကုသခံယူကြတာတွေ တိုးတက်များပြားလာနေပါတယ်။ ဒါပေမဲ့ ဆေးရုံ ဆေးခန်းတွေမှာ မြွေဆိပ်ဖြေဆေးတွေ အလုံအလောက်မရှိတာကြောင့် တိုးတက်မှုနှုန်း နှေးကွေးနေတယ်လို့ IRIN သတင်းက ဖေါ်ပြပါတယ်။
ပြည်တွင်းမှာ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာမှာ မြင်းတွေကတဆင့် ထုတ်လုပ်ရပါတယ်။ ဒါပေမဲ့အခုအခါ မြင်းဈေးကြီးမြင့်တဲ့အတွက် ဈေးသက်သာတဲ့သိုးတွေကို အသုံးပြုထုတ်လုပ်နေရပါတယ်။ ဒါပေမဲ့ သိုးတွေဆီက မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရရှိနှုန်းဟာ မြင်းနဲ့နှိုင်းစာရင် ၂၀ ရာနှုန်းပဲ ရရှိတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် ထိုင်းနဲ့ အိန္ဒိယထုတ် မြွေဆိပ်ဖြေဆေးတွေ အသုံးပြုနေရပေမယ့်၊ ပြည်တွင်းထုတ်လောက်မကောင်းဘဲ အာနိသင်နိမ့်နေကြောင်း၊ နိုင်ငံအလိုက် မြွေအမျိုးအစားချင်း မတူတာကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ လာမယ့်နှစ် ကျန်းမာရေးအသုံးစရိတ် တိုးတက်ရရှိမယ်ဆိုရင်တော့ ပြည်တွင်းမြွေဆိပ်ဖြေဆေးပမာဏ တိုးတက်ထုတ်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြကြောင်း ဆရာဝန်တွေက ပြောပါတယ်။
ထိုင်းနဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ်မြွေကိုက်ခံသူပေါင်း တစ်သောင်းနှစ်ထောင်လောက်ရှိပါတယ်။ ဒါပေမဲ့ ထိုင်းမှာ သေဆုံးသူ ၁၀ ယောက်လောက်ပဲရှိပြီး၊ မြန်မာမှာ သေဆုံးသူ တစ်ထောင်အထိရှိနေတယ်လို့ သိရပါတယ်။