ဒရုန်းသုံးလို့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်


2017.12.29
drone-622 လွှတ်တော်အဆောက်အအုံကို ဒရုန်းသုံးပြီး မှတ်တမ်းတင်ဖို့ ကြိုးစားခဲ့သူတွေကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Zaw Win/RFA

နေပြည်တော်ကောင်စီနယ်မြေက လွှတ်တော်အဆောက်အအုံကို မောင်းသူမဲ့လေယာဉ် (ဒရုန်း) သုံးပြီး မှတ်တမ်း တင်ဖို့ ကြိုးစားတဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ယောက်နဲ့ မြန်မာနိုင်ငံသား စကားပြန်နဲ့ ယာဉ်မောင်းတို့ဟာ ဒီကနေ့ ရမည်းသင်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေးအရဆိုပြီး တရားရင်ဆိုင်နေရဆဲဖြစ်တဲ့ ပုဒ်မ နှစ်ခုကို တရားလိုဘက်က ပြန်ရုပ်သိမ်းလိုက် တဲ့အတွက် အခုလို ပြန်လည် လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား စကားပြန် ဦးအောင်နိုင်စိုး က ပြောပါတယ်။

"ပုဒ်မ ၁ဝ နဲ့ တရားစွဲတယ်၊ စွဲတော့ ကျနော်တို့လည်း အပြစ်ရှိတယ်လို့ပဲ ဝန်ခံခဲ့တယ်ပေါ့နော်၊ ကျနော်တို့ကို ထောင်ဒဏ် ၂ လချတယ်၊ ထောင်ဒဏ် ၂ လချရင်းနဲ့ ၄ ယောက်လုံးကို ပုဒ်မ ၈ အရ ထပ်စစ်တယ်၊ နိုင်ငံခြားသား ၂ ယောက်ကိုတော့ လဝကအက် ပုဒ်မ ၁၃ နဲ့ ဆက်စွဲတယ်ပေါ့နော်၊ အဲ့ဟာကို စစ်တဲ့အခါမှာ ဒီလိုနဲ့ ရုံးချိန်း ၁ဝ ချိန်းမြောက်လောက် ရောက်တဲ့အခါမှာ ဒီဟာကိုပေါ့နော် နှစ်နိုင်ငံချစ်ကြည်ရေး ရှေးရှုခြင်းအားဖြင့် နောက်ပြီးတော့ ဒီအမှုသည်ပေါ့နော် နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိပါးစေတာ တွေ့ရှိတဲ့အတွက်ကြောင့်မို့လို့ ပုဒ်မ ၈ နဲ့ ၁၃ ကို ဖြုတ်ပေးလိုက်တယ်ပေါ့နော်၊ ဖြုတ်ပေးပြီးတော့ ကျနော်တို့ကို မနေ့က တရားသူကြီးက အမိန့်ချတယ်၊ အမိန့်ချတဲ့အခါမှာ အဲဒီကအပြန် ကျနော်တို့ ရမည်းသင်းထောင်ကိုပြန်ရောက်တော့ ကျနော်တို့ ဒီနေ့မနက်လွတ်မယ်လို့ သိရတယ်ပေါ့နော်"

တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ စင်ကာပူရုံးခွဲ မလေးရှားနိုင်ငံသူ တစ်ယောက်၊ စင်ကာပူနိုင်ငံသား တစ်ယောက်၊ မြန်မာနိုင်ငံသား စကားပြန် ဦးအောင်နိုင်စိုးနဲ့ ယာဉ်မောင်း ဦးလှတင် တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့က နေပြည်တော်က စွမ်းအင်ဝန်ကြီးဌာနရုံးနားမှာ လွှတ်တော်ကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ပြင်ဆင်နေချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံလိုက်ရပြီးချိန်မှာ ဒရုန်းကိစ္စနဲ့ မဆိုင်ဘဲ ဦးအောင်နိုင်စိုး သွားခဲ့တဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေရှိခဲ့ကြောင်း ဦးအောင်နိုင်စိုးက ပြောပါတယ်။

သူတို့ကို ဖမ်းဆီးစဉ်က သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားတဲ့ ကင်မရာ၊ဒရုန်း၊ ကွန်ပျူတာ စတဲ့ပစ္စည်းတွေ ကို ပြန်ရဖို့အတွက် တစ်လအတွင်း ပြင်ဆင်ချက် လျှောက်ထားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။