နိုင်ငံခြားသားသတင်းထောက်၂ ဦးကို နောက်ထပ်အမှုနဲ့ တရားစွဲဆို


2017.11.27
drone-journalists-622 လွှတ်တော်အဆောက်အအုံကို မောင်းသူမဲ့လေယာဉ် (ဒရုန်း) သုံးပြီး မှတ်တမ်းတင်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား စကားပြန် ဦးအောင်နိုင်စိုး ကို နေပြည်တော်က ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ရုံထုတ်စဉ်
Photo: Kyaw Zaw Win/RFA

နေပြည်တော်က လွှတ်တော် အဆောက်အဦးကို ဒရုန်းနဲ့ ရိုက်ဖို့ကြိုးစားသူတွေထဲက နိုင်ငံခြားသား သတင်းသမား ၂ ယောက်ကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃ (၁) နဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးက ဒီကနေ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။

ပုဒ်မ ၈ ဖြစ်တဲ့ သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့  တရားစွဲဆိုထားတာကို အရင်ရုံးချိန်းက သူတို့ရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က လျောက်လွှဲချက်တင်ခဲ့တာဖြစ်ပြီး ဒီနေ့ ပယ်ချခံရတာဖြစ်ပါတယ်။ တရားခံဘက်က ရှေ့နေအဖြစ်လိုက်ပါ ဆောင်ရွက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က နောက်တိုးအမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"နောက်ထပ်တစ်မှုတက်လာတယ်၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃(၁)ပေါ့၊ ၁၃(၁)ရဲ့ အဓိပ္ပာယ်ကတော့ တိုင်းပြည်ထဲကို ဥပဒေနဲ့အညီ ဝင်လာပြီးမှ ဥပဒေနဲ့မညီတဲ့အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ သူ့ကိုအပြစ်ပေး အရေးယူနိုင်တဲ့ပုဒ်မပေါ့ဗျာ"

တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ စင်ကာပူရုံးခွဲ မလေးရှားနိုင်ငံသူတစ်ယောက်၊ စင်ကာပူနိုင်ငံသား တစ်ယောက်၊ မြန်မာနိုင်ငံသားစကားပြန် ဦးအောင်နိုင်စိုးနဲ့ ယာဉ်မောင်း ဦးလှတင်တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့က နေပြည်တော်က စွမ်းအင်ဝန်ကြီးဌာန ရုံးနားမှာ ဒရုန်းလွှတ်တင်နေစဉ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး လေယာဉ်ပျံသန်းမှုဥပဒေ အပါအဝင် ပုဒ်မ ၈ သွင်းကုန်ထုတ်ကုန်  ဥပဒေနဲ့ပါ တရားစွဲဆိုလိုက်ထာပါ။

အဲလိုတရားစွဲဆိုထားတဲ့ ပုဒ်မတွေထဲက လေယာဉ်ပျံသန်းမှု ဥပဒေအတွက် ၄ ယောက်စလုံးကို နိုဝင်ဘာလ ၁၀ ရက်နေ့ ထောက်ဒဏ် ၂ လစီကျခံဖို့ အမိန့်ချမှတ်လိုက်ပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ အမှုကို လာမယ့် ဒီဇင်ဘာလ ၄ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။