ဒရုန်းအမှု ပုဒ်မ ၈ နဲ့ စွဲဆိုထားတာကို ရုပ်သိမ်းကြောင်း တရားလိုလျှောက်ထား
2017.12.26

နေပြည်တော်က လွှတ်တော်အဆောက်အအုံကို ဒရုန်းနဲ့ရိုက်ကူးဖို့ ကြိုးစားနေစဉ်မှာ ဖမ်းဆီးခံရသူ လေးဦးအပေါ် စွဲဆိုထားတဲ့အမှုတွေကို တရားလိုဘက်က ပြန်လည်ရုပ်သိမ်းဖို့ ဒီကနေ့ ဇမ္ဗူသီရိမြို့နယ် တရားရုံံးမှာ လျှောက်ထား လိုက်ပါတယ်။
တရားလိုဖြစ်သူ ရဲအုပ် ထွန်းထွန်းဝင်းက သူစွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈)နဲ့ ပတ်သက်ပြီး ရုပ်သိမ်းဖို့ တရားခွင်မှာ လျှောက်ထားခဲ့တာနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ၄ဦးရဲ့ ရှေ့နေ ဦးခင်မောင်ဇော် က အခုလိုပြောပါတယ်။
"တရားလိုအဖြစ်ဆောင်ရွက်တဲ့ ရဲအုပ် ဦးထွန်းထွန်းဝင်း ကနေပြီးတော့မှ အခုရုံးရှေ့မှာလာပြီးတော့ အမှုကို ရုပ်သိမ်းဖို့ လျှောက်သွားတယ်ပေ့ါနော်။ သူက လျှောက်တာကတော့ အမှုမှ တရားခံ လေးဦးအား ၁၀.၁၁.၂၀၁၇ နေ့တွင် တရားစွဲ တင်ပို့ခဲ့ရာ ၂၆.၁၂.၂၀၁၇ နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တရားခံ လေးဦး၏ ပြုလုပ်မှုသည် နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်စေမည့် ရည်ရွယ်ချက် မတွေ့ရှိရ၍ လည်းကောင်း၊ မလေးရှားနိုင်ငံသူ၊ စင်ကာပူနိုင်ငံသားတို့နှင့် ပတ်သက်၍ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှု၍ လည်းကောင်း အမှုအား ရုပ်သိမ်းခွင့် လျှောက်ထားရန် ဖုန်းဖြင့် ညွှန်ကြားလာသဖြင့် ရည်ညွှန်းချက်ပါအမှုမှ တရားခံ လေးဦး အပေါ် စွဲဆိုထားသော အမှုအား ရုပ်သိမ်းခွင့်ပြုပါရန် လျှောက်ထားအပ်ပါသည် ဆိုပြီး လျှောက်သွားတယ်"
ပုဒ်မ ၈ အပြင် နိုင်ငံခြားသားနှစ်ဦးကို စွဲဆိုထားတဲ့ လဝကဥပဒေပုဒ်မ ၁၃(၁) အမှုကိုလည်း ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၉ရက်နေ့ ရုံးချိန်းမှာ အမှုရုပ်သိမ်းဖို့ အမိန့်ချမယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးခံထားရသူ လေးဦးစလုံးဟာ မြန်မာနိုင်ငံ လေယာဉ်အက်ဥပဒေ ပုဒ်မ(၁၀)နဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က စပြီး ထောင်ဒဏ် ၂ လစီ ကျခံနေရတာဖြစ်တဲ့အတွက် လာမယ့် ဇန်နဝါရီလဆန်းလောက်မှာ လေးဦးစလုံး လွတ်မြောက်မှာဖြစ်ပါတယ်။
တူရကီနိုင်ငံ အခြေစိုက် TRT သတင်းဌာန၊ စင်ကာပူရုံးခွဲက မလေးရှားနိုင်ငံသူတစ်ဦး၊ စင်ကာပူနိုင်ငံသား တစ်ဦး၊ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတစ်ဦး စုစုပေါင်း ၄ ဦးတို့ဟာ အောက်တိုဘာလ ၂၇ရက်နေ့က နေပြည်တော်က လွှတ်တော်ကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ကြိုးပမ်းနေစဉ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။