မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အမှုနှစ်ခု ထပ်တိုးဖွင့်ခံရ

2021.11.23
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အမှုနှစ်ခု ထပ်တိုးဖွင့်ခံရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ ဇော်မြင့်မောင် ကို ၂၀၂၀၊ စက်တင်ဘာ ၁ ရက်နေ့က တွေ့ရစဉ်
Photo: Pool

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ရွေးကောက်ပွဲ မဲမသမာမှုနဲ့ အမှုနှစ်ခု ထပ်တိုးဖွင့်ထား တယ်လို့ ရှေ့နေတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက တစ်ဆင့် စုံစမ်းသိရှိရပါတယ်။

ဘယ်ပုဒ်မတွေနဲ့ ထပ်မံတရားစွဲထားသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ရှေ့နေတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"အမှုနှစ်ခု ထပ်စွဲတယ်လို့ ကြားတယ်။ မန္တလေးက တစ်ခုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲကော်မရှင် တစ်ခုလုံးကို စွဲထားပါတယ်။ အတိအကျတော့ မသိရသေးဘူး။ သောကြာနေ့ရုံးချိန်း ရှေ့နေတွေ သူနဲ့တွေ့တဲ့အခါကျမှ သေချာသိရမှာ"

သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင် အပါအဝင် NLD ပါတီ ထိပ်တန်းခေါင်းဆောင်တွေနဲ့ အရင် ရွေးကောက်ပွဲကော်မရှင် ခေါင်းဆောင်တွေ စုစုပေါင်း ၁၆ ဦးကို ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထပ်တိုး အရေးယူထားတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သစ်က နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး ပုဒ်မ - ၅၀၅ (ခ)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေအပါအဝင် စုစုပေါင်း အမှုငါးမှုထက်မနည်း ရင်ဆိုင်နေရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတစ်ခုကို လူကိုယ်တိုင် သက်သေအဖြစ် လာရောက်ထွက်ဆိုရမှာ ဖြစ်ပေမယ့် ကျန်းမာရေးကြောင့် မလာရောက်နိုင် ခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။