ဇီးပင်ကြီးစစ်တမ်း ရေးသားသူကို ခုံရုံးဖွဲ့စစ်သူတွေကို အရေးယူမည်


2018.12.24
dr-soethuyazaw-622.jpg ဒေါက်တာ စိုးသူရဇော် ကို တွေ့ရစဉ်
Photo: Soe Thuya Zaw

အစိုးရဝန်ထမ်းတွေကို သင်တန်းပေးနေတဲ့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့တဲ့ ဒေါက်တာ စိုးသူရဇော်ကို ခုံရုံးဖွဲ့ စစ်ဆေးတဲ့ကိစ္စကို ဝန်ထမ်းစည်းကမ်းအရ အရေးယူမယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဒီနေ့ ပြောလိုက်ပါတယ်။

နေပြည်တော်က ကျန်းမာရေးဝန်ကြီးဌာနမှာ သတင်းမီဒီယာတွေက မေးမြန်းချက်အပေါ် ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ခုံရုံးဖွဲ့စစ်ဆေးတဲ့ အဖွဲ့နဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို ဒီနေ့မနက်မှာ ခေါ်ယူမေးမြန်းပြီးဖြစ်ကြောင်းနဲ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူသွားမှာဖြစ်ကြောင်း  ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ဝေဖန်ခဲ့တဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာ စိုးသူရဇော်ကို အရေးယူမှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒေါက်တာ စိုးသူရဇော်ကို ခုံရုံးဖွဲ့စစ်ဆေးတာမှာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနဲ့ အမြဲတမ်းအတွင်းဝန် နှစ်ဦး မသိရှိဘဲ တခြားဝန်ထမ်းတွေက ခုံးရုံးဖွဲ့စစ်ဆေးခဲ့ခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒေါက်တာ စိုးသူရဇော်ကို ခုံရုံးဖွဲ့စစ်ဆေးတဲ့အပေါ် ဝေဖန်မှုတွေရှိသလို လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေကလည်း ဒေါက်တာ စိုးသူရဇော် ဘက်က ရပ်တည်တဲ့အကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ဖော်ထုတ်ပြသခဲ့ကြပါတယ်။

ဒေါက်တာ စိုးသူရဇော်ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်မှာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။