ဒေါက်တာအေးမောင် အမှုတွဲကို ပယ်ဖျက်ပေးဖို့ လျှောက်ထားချက် ပယ်ချခံရ
2018.05.31

ဒေါက်တာအေးမောင်ကို တရားစွဲဆိုထားတဲ့ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မသုံးခုကို ပယ်ဖျက်ပေးဖို့ လျှောက်ထားချက်ကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
မိသားစုတွေနဲ့တိုင်ပင်ပြီး အထက်တရားရုံးကို တက်သင့်မသင့် ဆုံးဖြတ်သွားမယ်လို့ ဒေါက်တာအေးမောင်ရဲ့ ရှေ့နေ ဦးစံရွှေမောင်က ပြောပါတယ်။
"ကျနော်တို့က အမှုတွဲပယ်ဖျက်ဖို့အတွက် တင်ထားတယ်၊ အဲဒီဟာကို ပယ်လိုက်တယ်၊ အမှုကတော့ မပယ်ဖျက် ဘူးပေါ့၊ ပယ်လိုက်ဆိုလို့ရှိရင် ကျနော်တို့ဘက်ကလေ ရှေ့ကိုပေါ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကိုပေါ့လေ တင်သင့်မတင်သင့်၊ ဆက်ပြီးတော့ တက်မတက်ကတော့ သူ့ရဲ့အမှုသည်မိသားစုနဲ့ ပြန်တိုင်ပင်ရမယ်"
ဒေါက်တာအေးမောင်ကို ပုဒ်မသုံးခုနဲ့တရားစွဲဆိုထားတဲ့ကိစ္စဟာ ဥပဒေအရ ကွဲလွဲမှုတွေရှိနေတယ်ဆိုပြီး အမှုတွဲ ၃ ခုကိုပယ်ဖျက်ပေးဖို့ ဒေါက်တာအေးမောင် ရှေ့နေတွေက ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် တရား လွှတ်တော်ထံ လျှောက်ထားခဲ့ကြတာပါ။
အဲဒီလျှောက်ထားချက်အပေါ် ဒီနေ့ပလပ်လိုက်တဲ့အကြောင်းပြချက်နဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ ရှေ့နေ ဦးစံရွှေမောင်က ပြောပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့က ဟောပြောပွဲမှာ ပြောခဲ့တဲ့ အကြောင်းအရာတချို့နဲ့ ပတ်သက်ပြီး ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ နိုင်ငံတော် ပုန်ကန်မှု စတဲ့ ပုဒ်မသုံးခုနဲ့ စစ်တွေမြို့နယ်တရားရုံးနဲ့ စစ်တွေခရိုင်တရားရုံးတွေမှာ အတူတကွ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။
အဲဒီအထဲက အမှုတွဲသုံးခုစလုံးကို ပယ်ဖျက်ပေးဖို့အတွက် ရခိုင်ပြည်နယ် တရားလွှတ်တော်ကို စာရေးဆရာ ကိုဝေဟင်အောင်က လျှောက်ထားခြင်းမရှိဘဲ ဒေါက်တာအေးမောင်က လျှောက်ထားခဲ့တာဖြစ်ပါတယ်။