ကလေးမြို့က လယ်ယာမြေတွေ အတွက် မျှဝေခြင်းအစီအစဉ်နဲ့ သိန်းနှစ်ထောင်ကျော် ကူညီမယ်
2016.12.09

မနှစ်က ရေကြီးနစ်မြုပ်ခဲ့တဲ့ ကလေးမြို့က လယ်ယာမြေတွေကို မျှဝေခြင်းအစီအစဉ်ကနေ ကူညီပေးသွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ က ပြောပါတယ်။
ကလေးမြို့က ရေနစ်မြုပ်မှုဒဏ်ခံခဲ့ရတဲ့ လယ်ယာမြေဧက ၄၀၀၀ ကျော်အတွက် မျှဝေခြင်းအစီအစဉ်ကနေ ကျပ်သိန်း ၂၀၀၀ ကျော် ကူညီပေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အပြီးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာအောင်သူက သတင်းထောက်တွေ ကို ပြောတာဖြစ်ပါတယ်။
အဲဒီလိုကူညီရာမှာ ဝန်ကြီးဌာနက စက်ယန္တယားနဲ့ ဝန်ထမ်းတွေကလည်း အခမဲ့ကူညီကြမှာ ဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာအောင်သူ က ပြောပါတယ်။
အခုလှူဒါန်းမယ့် အလှူငွေတွေဟာ ပြင်ပကရရှိထားတာဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဝန်ထမ်းတွေရဲ့ မျှဝေခြင်းအစီအစဉ်ကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာမှ စတင်လှူဒါန်းကြမ လို့ ဒေါက်တာအောင်သူ က ပြောပါတယ်။
နိုင်ငံတော်မှာ ဘတ်ဂျက်လုံလောက်မှု မရှိတဲ့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ တစ်ဦးချင်းစီ လက်ဖက်ရည်တစ်ခွက် လျှော့သောက်မယ့် မျှဝေခြင်း အစီအစဉ်ကို စတင်ဖို့ ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ အောင်သူ က ယခုလဆန်းက ပြည်သူ့လွှတ်တော် မှာ ပြောကြားထားတာပါ။
လူတစ်ဦး တစ်ယောက်ချင်းစီက လက်ဖက်ရည် တစ်ခွက် လျှော့သောက်ပြီး လက်ဖက်ရည်ဖိုး ထည့်ဝင်ခြင်းအားဖြင့် မျှဝေခြင်း အစီအစဉ်မှာ ပါဝင်နိုင်ပြီး စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေ စတင်ဖို့ ရှိတယ် လို့ပြောခဲ့တဲ့အတွက် ဝေဖန်မှုတချို့လည်းရှိခဲ့ပါတယ်။