လက်ဖက်ရည် တစ်ခွက် လျှော့သောက်မယ့် မျှဝေခြင်းအစီအစဉ်
2016.12.01

နိုင်ငံတော်မှာ ဘတ်ဂျက်လုံလောက်မှု မရှိတဲ့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ တစ်ဦးချင်းစီ လက်ဖက်ရည်တစ်ခွက် လျှော့သောက်မယ့် မျှဝေခြင်းအစီအစဉ်ကို စတင်ဖို့ရှိတယ်လို့ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြား လိုက်ပါတယ်။
လူတစ်ဦးတစ်ယောက်ချင်းစီက လက်ဖက်ရည်တစ်ခွက် လျှော့သောက်ပြီး လက်ဖက်ရည်ဖိုး ထည့်ဝင်ခြင်းအားဖြင့် မျှဝေခြင်းအစီအစဉ်မှာ ပါဝင်နိုင်ပြီး စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေ စတင်ဖို့ရှိတယ် လို့ ဒေါက်တာအောင်သူ က ပြောပါတယ်။
ပြည်သ့ူလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက ရှမ်းပြည်နယ် မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာ အုပ်စု၊ စေတီဖြူကျေးရွားက နမ့်ယွန်းချောင်းကူးတံတားကို ပြန်လည်ပြုပြင်တည်ဆောက်ပေးဖို့ အစီအစဉ် ရှိ မရှိ ဆိုတဲ့မေးခွန်းကို ဒေါက်တာအောင်သူ က ပြန်လည်ဖြေကြားခဲ့ရာမှာ အခုလိုထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်တန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး မေးမြန်းတဲ့ ကျေးလက်ဒေ သ ဖွံံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောက်လုပ်တဲ့ လမ်း၊ တံတားတွေ ပျက်စီးနေတာ တာဝန်ယူဆောက် လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်လည်ပြုပြင်စေခြင်း၊ တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိပါက တရားစွဲဆိုခြင်း၊ နာမည် ပျက်စာရင်းသွင်းဖို့ အစီအစဉ်ရှိ မရှိ မေးမြန်းတဲ့ မေခွန်းကိုလည်း ဒေါက်တာ အောင်သူက မလိုက်နာတဲ့ ကုမ္ပဏီတွေ ကို အရေးယူတာတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ကျေးလက်ဒေသ ဖွံံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်တဲ့ လမ်း၊ တံတားများအနက် အချို့မှာ အချိန်တိုအတွင်း ပျက်စီးမှုရှိတယ်ဆိုတာ မှန်ကန်ကြောင်းလည်း ဒေါက်တာအောင်သူက ဝန်ခံသွားပါတယ်။