လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံး ဆိုင်ရာ ညီလာခံ ကျင်းပမည်


2013.04.11
dpns-305 နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ဇန်နဝါရီလ ၁၆ရက်နေ့က ရန်ကုန်မြို့ Home ခန်းမ မှာ ပြောကြားနေစဉ်
Photo: RFA/Thiha Tun

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပဖို့အတွက် ညီလာခံ ဖြစ်မြောက်ရေးကော်မတီကို ဒီရက်ပိုင်းအတွင်းမှာ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ညီလာခံဖြစ်မြောက်ရေး ကော်မတီတာဝန်ခံအနေနဲ့ လူ့ဘောင်သစ်ပါတီ ပြည်တွင်းစုစည်းရေး ကော်မတီဝင် ကိုဇေယျက ဦးစီးဆောင်ရွက်မှာဖြစ်ပြီး ကျင်းပရေးကော်မတီဝင်တွေအဖြစ် ကိုအောင်ဇေယျ(ရွှေဘို)၊ ကိုမျိုးမြင့်(အင်းစိန်)၊ ကိုခွန်ရဲသွေးအစရှိတဲ့ လူ့ဘောင်သစ်အင်အားစုတွေ က ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်တွင်း စုစည်းရေး ကော်မတီဝင် ကိုဇေယျက RFA ကို အခုလို အတည်ပြု ပြောဆိုပါတယ်။

အဲဒီညီလာခံ ဖြစ်မြောက်ရေးကော်မတီကို ပြည်တွင်းအခြေစိုက် လူ့ဘောင်သစ်ပါတီ ပြည်တွင်းစုစည်းရေး ကော်မတီကနေ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကွဲပြားသွားတဲ့ ပါတီအင်အားစုတွေကို ပြန်လည်စုစည်းနိုင်ဖို့အတွက် ညီလာခံကျင်းပဖို့ စီစဉ်ရတာလို့ ကိုဇေယျက ဆိုပါတယ်။

ညီလာခံကျင်းပဖို့ ရက်တိတိကျကျ မသတ်မှတ်ရသေးပေမယ့် လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အနေအထားအရပ်ရပ်ပေါ်မှာမူတည်ပြီး နိုင်ငံရေးအခြေအနေအရ ပိုမိုလွတ်လပ်ပွင့်လင်းမှုရှိလာတဲ့အချိန်မှာ ရန်ကုန် သို့မဟုတ် မန္တလေးမြို့တွေမှာ အမြန်ဆုံးကျင်းပသွားမယ်လို့လည်း သိရပါတယ်။

လူ့ဘောင်သစ်ပါတီရဲ့ ညီလာခံကို တက်ရောက်ဖို့ ပြည်တွင်းမှာရှိနေတဲ့ လူ့ဘောင်သစ်ပါတီ အင်အားစုတွေအပြင် ပြည်ပမှာရောက်ရှိနေကြတဲ့ လူ့ဘောင်သစ်ပါတီ အင်အားစုတွေကိုပါ တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့သိရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ်ပါတီအပါအဝင် နိုင်ငံတကာရောက် လူ့ဘောင်သစ် အင်အားစုတွေအနေနဲ့ ဒီညီလာခံကို တက်ရောက်ဖို့ကတော့ အစိုးရရဲ့နိုင်ငံသားတွေ ပြည်တွင်းကို ဂုဏ်သိက္ခာရှိစွာ ပြန်လာခွင့်ပေးမှုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ်မှာ မူတည်နေတယ်လို့လည်း ကိုဇေယျက ပြောပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနစ် အောက်တိုဘာ ၁၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ စစ်အစိုးရရဲ့ မတရားအသင်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။