အခြေအနေမဲ့ ကလေးတွေကို ပြည်မြို့မှာ ပညာသင်ပေး

ပြည်မြို့က အခြေအနေမဲ့ ကလေးငယ်တွေအတွက် ပညာသင်ပေးတဲ့ အစီအစဉ်ကို လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက မြကွမ်းတောင် ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ စပြီး ဖွင့်လှစ်လိုက်ပါတယ်။

2012.07.23
pyay-dosser-study-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်က ပြည်မြို့ မြကွမ်းတောင် ဘုန်းတော်ကြီးကျောင်းတွင် အခြေအနေမဲ့ ကလေးငယ်များ ဘုရားရှိခိုး နေကြစဉ်။
RFA

မြို့ပေါ်မှာ တောင်းရမ်း စားသောက်နေရတဲ့ ကလေးတွေ၊ ပလပ်စတစ် လိုက်ကောက်နေတဲ့ ကလေးတွေကို ခေါ်ယူပြီး လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေ ဦးမြင့်အေးရဲ့ နေအိမ်မှာ လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက စပြီး စာသင်ပေးနေခဲ့ရာ ကနေ ဒီနောက်ပိုင်း ကလေးဦးရေ များလာတဲ့အတွက် မြကွမ်းတောင် ဘုန်းတော်ကြီးကျောင်းမှာ သင်ပေးဖို့ လျှောက်ထားခဲ့ရာမှာ ဆရာတော်က ခွင့်ပြုခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန်းထိုက်က RFA ကို ပြောပါတယ်။

"တချို့က ပလပ်စတစ်ကောက်တယ်၊ တချို့က တောင်းစားတယ်။ ဒီကလေးတွေရဲ့ ရှေ့ရေးကို မြင်ပြီးတော့ ကျွန်တော်တို့ အုပ်စုက ဒီကလေးတွေကို တစ်ခုခု လုပ်ပေးကြမယ်ဆိုပြီးတော့၊ စဉ်းစားပြီးတော့ ရှေ့နေ ကိုမြင့်အေားအိမ်မှာ ကလေးတွေကို စုတယ်။ စုပြီးတော့ စာသင်ပေးတယ်။ သူတို့စာသင်ချင်အောင်လို့ သူတို့ကို မက်လုံးလေးတွေ ပေးရတယ်ပေါ့နော်။ တချို့မုန့်ဝယ်ကျွေးတာတို့၊ အဝတ်အစားလေးတွေ ဝယ်ပေးတာတို့ ဒါမျိုးလေးတွေ လုပ်ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားဝင် Fund တော့ မရှိဘူး။ နီးစပ်ရာပဲ။ ဟိုလူပေး ဒီလူပေးပေါ့နော်။ မနက်ထမင်းကျွေးတဲ့ အချိန်ကျရင် ကျွန်တော်တို့က အသုတ်လိုဟာမျိုး တစ်ထုတ် ၁၀၀ တန်တို့ တစ်ထုတ်စီလောက် ဝယ်လိုက်တယ်။ ထမင်းဖြူ ၁၀၀ ဖိုးလောက်စီဝယ်တယ်။ ဝယ်ပြီးတော့ တစ်ယောက်ကို တစ်ကိုတာ စီပေါ့နော်။ ကျွန်တော်တို့လည်း ဒီလောက်ပဲ တတ်နိုင်တယ်လေ။ အဲဒီလိုလုပ်ပေးပြီးတော့ ခုန ဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးကို လျှောက်ပြီး အဲဒီကျောင်းထဲမှာ တစ်နေကုန် ကျွန်တော်တို့ စာသင်ခန်းထဲမှာ ထားတဲ့ ပုံစံမျိုးနဲ့ လုပ်လိုက်တယ်"

အခု လောလောဆယ် ကလေး ၃၀ ကျော်လောက်ကို စာသင်ပေးနေပြီး သူတို့ကို ရှေ့နေ ဦးမြင့်အေးရဲ့ ရုံးအဖွဲ့ဝင် ရှေ့နေ အမျိုးသမီးငယ်တွေက ဆရာ ဆရာမတွေအဖြစ် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့် စာသင်နှစ်မှာ ဒီကလေးတွေထဲက ၄ ယောက်ကို အစိုးရကျောင်းမှာ ထားပေးဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။