တစ်ပတ်အတွင်း ကန်တစ်ဒေါ်လာ ကျပ်နှစ်ရာကျော်တက်
2023.06.27
စစ်ကောင်စီလက်အောက်ခံ ဘဏ်နှစ်ခုကို အမေရိကန်အစိုးရကနေ အရေးယူပြီး တစ်ပတ်အတွင်းမှာပဲ အမေရိကန်တစ်ဒေါ်လာ ကျပ်နှစ်ရာကျော်အထိ မြင့်တက်သွားပါတယ်။
ဇွန်လ ၂၀ ရက်နေ့က အမေရိကန်တစ်ဒေါ်လာကို ၂၉၆၀ ကျပ်ရှိခဲ့ရာကနေ တစ်ပတ်ပြည့်တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ ၃၂၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်လာတာပါ။
ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့ပြီးနောက်မှာပဲ ပြည်တွင်းက နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းတွေဟာ ဒေါ်လာ အရောင်းအဝယ်မလုပ်ဘဲ ပိတ်ထားကြသလို ဒေါ်လာကို လက်ထဲကိုင်ထားသူတွေ ရှိနေတယ်လို့ ဒေါ်လာအရောင်းအဝယ်သမားတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့က ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကလည်း အမေရိကန်ရဲ့ပိတ်ဆို့မှုကြောင့် လုပ်ငန်းလုပ်ကိုင်ရ ခက်ခဲသွားနိုင်ပြီး ဒေါ်လာဈေးမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း AD လိုင်စင်ရဘဏ်တွေကို တစ်ဒေါ်လာ ၂၉၀၀-၂၉၂၂ ကျပ်နှုန်းနဲ့ ရောင်းဝယ်ပေးခဲ့တယ်လို့ ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး ဒီသတ်မှတ်ချက်ကို ဗဟိုဘဏ်ကိုယ်တိုင် ကျော်လွန်ရောင်းဝယ်ခဲ့တာပါ။
စစ်ကောင်စီဟာ ရွှေနဲ့ ဒေါ်လာဈေးမြင့်တက်မှုကို ထိန်းချုပ်ဖို့ဆိုပြီး ကုမ္ပဏီငါးခုနဲ့ လူ ၅၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က တစ်ဒေါ်လာ ၁၃၀၀ ကျပ်သာရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ဈေးဟာ အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ၃၂၀၀ ကျပ်ဝန်းကျင်ရောက်ရှိလာပြီး ၄၀ ဒသမ ၆ ရာခိုင်နှုန်းအထိ ထက်ဝက်နီးပါး မြင့်တက်လာတာပါ။