ဒေါ်လာဈေးနှုန်း ကျဆင်းနေတဲ့အပေါ် လုပ်ငန်းရှင်များ စိုးရိမ်မှု ကြီးမား

မနေ့က နိုင်ငံခြားငွေ လဲလှယ်နှုန်း အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ (၆၉၀) ကျပ်ဈေးပေါက်တယ်လို့ သိရပါတယ်။

2011.08.23
US_one_dollar_bill_305px အမေရိကန်နိုင်ငံသုံး တစ်ဒေါ်လာတန်ငွေစက္ကူ။
Photo: RFA

Export Earning လို့ခေါ်တဲ့ ပို့ကုန်ရငွေကတော့ မနေ့က ပိတ်ဈေး တစ်ဒေါ်လာကို (၇၂၀) ကျပ်နဲ့ FEC လဲလှယ်နှုန်းကတော့ တစ်ဒေါ်လာကို ၆၃၅ ကျပ်နှုန်း ဖြစ်သွားပါတယ်။

ဒေါ်လာဈေးနှုန်းတန်ဖိုး ကျပ် ၇၀၀ အောက်ကို ကျဆင်းသွားတာကြောင့် ကုန်သည်လုပ်ငန်းရှင် တချိူ့ လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ စဉ်းစားလာနေတယ်လို့ ရန်ကုန်မြို့ ကုမ္ပဏီ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အလုပ်လုပ်တိုင်း ရှုံးနေသလို ဖြစ်နေတဲ့အတွက် တရုတ်တန်းဘက်က ကုန်သည်ကြီးတွေက အလုပ်ရပ်ဆိုင်းပြီး စောင့်ကြည့်နေကြကြောင်း၊ ပို့ကုန်လုပ်ငန်းတွေ တက်လာအောင် အခွန်လျှော့တာ ဖြစ်တဲ့အတွက် ကုန်စည် ခေတ္တ ပြန်တက်လာပေမဲ့ ဒေါ်လာဈေး ကျတဲ့အတွက် ပို့ကုန်သမားတွေက မဝယ်နိုင်တော့ဘဲ ဈေးပြန်ကျသွားတယ်လို့ သူက ပြောပြပါတယ်။

မြန်မာနိုင်ငံရဲ့ ဈေးကွက် စီးပွားရေးမှာ တရားမဝင် ငွေကြေးစီးဆင်းမှု အရှိန်အဟုန် ကြီးမားနေတာကြောင့် ဈေးကွက်မှာ ဖြစ်နိုင်မယ့် အလားအလာတွေကို တရားဝင် လုပ်ငန်းရှင်တွေဘက်က ခန့်မှန်း တွက်ဆရ ခက်နေတယ်လို့လည်း စောစောက ကုမ္ပဏီပိုင်ရှင်က ပြောပါတယ်။ အထူးသဖြင့် သွင်းကုန်၊ ပို့ကုန် လုပ်ငန်းတွေမှာ အခြေအနေတွေ တဖြေးဖြေး ဆိုးရွားလာနေတာကို လုပ်ငန်းပိုင်ရှင်တွေ အတော်လေး စိုးရိမ်နေကြပါတယ်။

အစိုးရဘက်က ပို့ကုန် အခွန်ငွေတွေ နှစ်ရာခိုင်နှုန်းအထိ လျှော့ချပေးတာ၊ နိုင်ငံခြားပိုက်ဆံကရတဲ့ အခွန်ငွေလျှော့ပေးတာ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတာတွေ ဆောင်ရွက်နေပါတယ်။

ဒါပေမယ့် အခုလို စီးပွားရေး တရှိန်ထိုး ကျဆင်းလာတာကို ဖြေရှင်းဖို့ ဆိုရင် နိုင်ငံရေး အပါအဝင် အကြောင်းရင်း ရောဂါ ဇစ်မြစ်တွေကို ဖြေရှင်းနိုင်မှ ပြေလည်မယ်လို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေက ပြောဆိုနေပါတယ်။

အမေရိကန်ဒေါ်လာငွေလဲနှုန်း ကျဆင်းလာတဲ့ ဂယက် အကြောင်းကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။