ဦး‌ခေါင်း ကျည်ထိမှန်တဲ့ မမြသွဲ့သွဲ့ခိုင်ကို ခွဲစိတ်ကုသဖို့ ပြင်ဆင်နေ

2021.02.12
ဦး‌ခေါင်း ကျည်ထိမှန်တဲ့ မမြသွဲ့သွဲ့ခိုင်ကို ခွဲစိတ်ကုသဖို့ ပြင်ဆင်နေ
Photo: RFA

ဖေဖေါ်၀ါရီလ ၉ ရက်၊ နေပြည်တော်က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပစ်ခတ်ခံခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းထဲက ကျည်ဆန်ကို ခွဲထုတ်ယူဖို့အတွက်၊ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ အထူးကုဆရာဝန် ကြီးတွေက စီစဥ်နေတယ်လို့ သိရပါတယ်။

မမြသွဲ့သွဲ့ခိုင်ရဲ့ အခြေအနေဟာ ဒီကနေ့ လေးရက်မြောက်တဲ့အထိ ထူးထူးခြားခြား တိုးတက်မလာပေမယ့်၊ ဆုတ်ယုတ်သွားတာမျိုးလည်း မရှိတဲ့အတွက်၊ ကုတင် ၁၀၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေး ဦးဆောင်တဲ့ ဆေးဘက်ဆိုင်ရာ အထူးဘုတ်အဖွဲ့ က ခွဲစိတ်ကုသဖို့ စီစဥ်နေတယ်လို့ အမည်မဖေါ်လိုတဲ့ ကုတင် ၁၀၀၀ ဆေးရုံ တာ၀န်ကျ ဆရာ၀န်တစ်ဦးက ပြောပါတယ်။

အဲဒီဘုတ်အဖွဲ့မှာ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနဲ့အတူ မေ့ဆေးဆရာ၀န်ကြီးတစ်ဦးနဲ့ ဦးနှောက် ခွဲစိတ်အထူးကုဆရာ၀န်ကြီးတစ်ဦး ပါ၀င်တယ်လို့ သိရပါတယ်။

ကျည်ဆန်ဟာ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းညာဘက်ခြမ်းကနေ ဖောက်၀င်ပြီး ဦးနှောက်ထဲမှာ နစ်မြုပ်နေတာဖြစ် ပါတယ်။ အခု အဲဒီကျည်ဆန်ကို ဘယ်လိုခွဲထုတ်မလဲဆိုတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကုတင် ၁၀၀၀ ဆေးရုံ ဆေးဘက်ဆိုင်ရာ အထူးဘုတ်အဖွဲ့ က ဆုံးဖြတ်သွားမယ်လို့လည်း သိရပါတယ်။

အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖေါ်၀ါရီလ ၉ ရက်နေ့က နေပြည်တော်မြို့လယ် သပြေကုန်း အဝိုင်းမှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန်ကျင်ရေး လူထုလှုပ်ရှားမှုကြီးကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်း ရာမှာ ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။