ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲငယ်တွေ ရှိနေဆဲ


2014.09.29
karen_dkba_troops_305_z ဒီမိုကရေစီအကျိုးပြု တပ်မတော် DKBA တပ်ဖွဲ့ဝင်တချို့ ကို တွေ့ရစဉ်
Photo: RFA

မြန်မာအစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာကို အပစ်ရပ်ပြီးညှိနှိုင်း ဖို့ အောက်ခြေအဆင့်ကနေပြီး ပြည်ထောင်စုဝန်ကြီး အဆင့် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပေမဲ့ မွန်ပြည် နယ် ကျိုက်မရောမြို့နယ် ဇမိချောင်းပတ်ဝန်ကျင်းမှာ အစိုးရတပ်ဘက်က ပိတ်ဆို့တိုက်ခိုက်တာတွေ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့အထိ ပြုလုပ်နေတုန်းပဲလို့ စုံစမ်းသိရပါတယ်။

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အကြား ဇမိချောင်း ပတ်ဝန်းကျင်နေရာတွေမှာ နှစ်ဖွဲ့တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အခြေအနေကို ဒီကေဘီအေ အဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်ဇေယျာက အခုလို ပြော ပါတယ်။

"ဇမိချောင်းတဝိုက်မှာနဲ့  အဲဒီ့နားမှာ ကျနော်တို့ဘက်ကလည်း တိုက်ပွဲတွေ ထိတွေ့မှုတွေ ဖြစ်နေတဲ့အချိန်မှာပဲ အပေါ်ပိုင်းက တစ်စုံတစ်ရာ ဆွေးနွေးနေတာဖြစ်ပြီးတော့ အောက်မှာလည်း တချို့တွေက ညှိနှိုင်းမှုလုပ်နေတယ်။ သို့သော်လည်း သူတို့ဘက်က ထွက်ပေါက်ပေးမယ်ဆိုပြီးတော့ လိုက်ပြီးတော့ ပစ်ခတ်ပိတ် တိုက်ခိုက်နေတာတွေ ရှိပါတယ်"

အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာပြုလုပ်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ DKBA ရဲ့ တာဝန်ရှိခေါင်းဆောင်းတွေနဲ့ အစိုးရဘက်က တာဝန်ရှိသူတွေက  တိုက်ပွဲတွေစဖြစ်ကတည်းက ဆွေးနွေးညှိနှိုင်းရာမှာ အပစ်ရပ်ပြီး၊ ပိတ်ဆို့တိုက်ခိုက်တာတွေ မပြုလုပ်ဖို့၊ ဒီကေဘီအေတပ်ဖွဲ့တွေကို ဌာနချုပ်ရှိရာကို သွားလာနိုင်ဖို့၊ သိမ်းဆည်းလက်နက်တွေ အပြန်အလှန်ပေးအပ်ဖို့ စတာတွေ သဘောတူညီခဲ့ပေမဲ့ အောက်ခြေမှာတော့ ဒီကနေ့  ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေ တုန်းပဲလို့ ဒီကေဘီအေတပ်ဦးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနေ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဇမိချောင်းပတ်ဝန်းကျင်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းမှာ ၃ ကြိမ်ထက်မနည်း အစိုးရစစ်တပ်နဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးမှာ အကျအဆုံးနဲ့ ဒါဏ်ရာရတာတွေရှိတယ်လို့ ဒီကေဘီအေတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပေမဲ့ အသေးစိတ်ပြောဆိုခြင်း မရှိပါဘူး။

နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး မြဝတီ မြို့ခံတစ်ဦးကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။