အမေရိကန်နိုင်ငံခြားရေးဌာန ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်
2011.04.28

အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က ဒီကနေ့ ဧပြီလ ၂၈ ရက် နေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ရာမှာ အခုလို ရေးသား ဖော်ပြလိုက်တာပါ။
မြန်မာနိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံတွေထဲမှာ ထိပ်ဆုံးက ရှိနေတဲ့အတွက် အမေရိကန်အစိုးရက စောင့်ကြည့် ကြီးကြပ်ရမဲ့ (CPC) ခေါ် အထူးစိုးရိမ်ဖွယ် နိုင်ငံများ စာရင်း ထဲမှာ ဆက်လက် ထားရှိပါတယ်။
ပြီးခဲ့တဲ့ တနှစ်တာအတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတချို့ ရှိခဲ့ပေမဲ့ ဘာသာရေးအရ ဆိုးဆိုးရွားရွား ဖိနှိပ်တာတွေ ဆက်ရှိနေဆဲဖြစ်တဲ့ အတွက် မြန်မာဟာ အထူးစိုးရိမ်ရတဲ့ နိုင်ငံအဖြစ် ဆက်ရှိနေတာ ဖြစ်တယ်လို့ ဒီကော်မရှင်က မူဝါဒရေးရာ ဒုတိယ ညွန်ကြားရေးမှူး Scott Flipse က RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ဆက်ရှိနေတဲ့အတွက် မြန်မာနိုင်ငံ ကို အထုူးစိုးရိမ်ရတဲ့ နိုင်ငံများစာရင်းမှာ ကျနော်တို့ ဆက်ပြီးထားတာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပေမဲ့ မြန်မာအစိုးရဟာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ နောက် ဟိန္ဒူ၊ မူဆလင်နဲ့ ခရစ်ယာန် ဘာသာဝင်တွေအပေါ်မှာ ဆိုးရွားတဲ့ ချိုးဖောက်မှုတွေ ရှိခဲ့ပါတယ်လို့ Mr. Felipse က ပြောသွားပါတယ်။
မြန်မာနိုင်ငံက ဘာသာရေး လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ဆက်စပ်နေတဲ့အတွက် ဒီအခြေအနေတွေ တိုးတက်လာအောင် မြန်မာအစိုးရဖက်က မဆောင်ရွက်မချင်း မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူထားတာကို မဖယ်ရှားသင့်ဘူးလို့လည်း အစီရင်ခံစာက အကြံပြုထားပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေကို ဥရောပနဲ့ အာဆီယံနိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ထိရောက်အောင် ဆောင်ရွက်သင့်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီနှစ်အစီရင်ခံစာအရ အထူးစိုးရိမ်ရတဲ့နိုင်ငံ ၉ နိုင်ငံကို ဖော်ပြထားရာမှာ အာရှက မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်တို့ ပါဝင်ပါတယ်။