ကျောက်မဲမြို့မှာ ဖောက်ခွဲရေးသုံး ပစ္စည်း တစ်သိန်းကျော်ဖမ်းမိ
2018.09.05

လားရှိုး- မန္တလေး ကားပေါ်ကနေ တရားမဝင်သယ်ဆောင်လာတဲ့ "ဒီတိုနေတာ" လို့ခေါ်တဲ့ ဖောက်ခွဲရေးလုပ်ငန်းသုံးပစ္စည်း တစ်သိန်းကျော်ကို ကျောက်မဲမြို့ တိုးဂိတ်မှာ မနေ့ညက ဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်မဲမြို့မရဲစခန်းက သိရပါတယ်။
လားရှိုးကနေ မန္တလေးကို ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်လာတယ်လို့ သတင်းရလို့ ပိတ်ဆို့ရှာဖွေရာကနေ ဖမ်းဆီးမိတာလို့ ကျောက်မဲမြို့မရဲစခန်းက စခန်းမှူး ရဲမှူး ဟန်ဝင်းလှိုင်က ပြောပါတယ်။
"မနေ့ကည ၁၂ နာရီခွဲလောက်မှာ သတင်းအရ ပိတ်ဆို့ရှာဖွေလုပ်ရင်းနဲ့ အဲ့ဒီကားကို ရှာလိုက်တော့ အဲ့ဒီကားက အပေါ်က ပလပ်စတစ်ခွံ၊ ဘူးခွံ၊ပုလင်းခွံတို့ အိတ်တွေအောက်မှာ အဲ့ဒါတွေကို သွားတွေ့မိတာ၊ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းနဲ့ကတော့ ဒါတွေပါလာတယ်ဆိုတာ မသိဘူးပေါ့၊ ကုန်သည်ကနေ ဒီဖိနပ်အိတ် တင်ပေးလိုက်မယ်၊ အဲ့ဒီဖိနပ်အိတ်ကို တန်ဆာခ သုံးသိန်းပေးတာပေါ့၊ သုံးသိန်းပေးပြီးတင်လိုက်တာ၊ ဖိနပ်ကလစ်စတွေဆိုပြီးတော့ တင်ပေးလိုက်တာလို့ ပြောတယ်"
ဒီတိုနေတာ အချောင်းရေ တစ်သိန်းခြောက်သောင်းကျော် ကို CANTER ယာဉ်အမျိုးအစားပေါ်ကနေ ဖမ်းမိတာဖြစ်ပြီး ယာဉ်ပိုင်ရှင်နဲ့ ယာဉ်နောက်လိုက်ကို ရှမ်းပြည်နယ် လက်နက်ပုဒ်မ ၁၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဒီပစ္စည်းတွေရဲ့တန်ဖိုးနဲ့ အသုံးပြုမယ့် ရည်ရွယ်ချက်ကိုတော့ စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ ကျောက်မဲ ရဲစခန်းက ပြောပါတယ်။
လတ်တလောမှာ ဒီဖောက်ခွဲရေးသုံး ဒီတိုနေတာတွေကို လားရှိုးမြို့ကနေ တင်ဆောင်ပေးလိုက်တဲ့သူကို ဖမ်းဆီးရမိဖို့ ရဲစခန်းက ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။