မြန်မာပြည်ဒီမိုကရေစီရေး ဘုန်းတော်ကြီးတူးတူး ဆက်လက်အားပေးမည်
2010.10.11

“ဘုန်းတော်ကြီးက ဘာပြောလဲဆိုတော့ သူ အနားယူပေမယ်လို့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခါအားလျော်စွာ သူ ဆက်လက်ပြီးတော့ ပါဝင်ဆောင်ရွက်မယ်လို့ ပြောသွားတာကို ကျွန်တော်တို့ သိရပါတယ်။ နောက်တခုက အာဆီယံနိုင်ငံတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ ပြောကြားချက်ပေါ့နော်၊ ဒါကတော့ သူ့ရဲ့ တရားဝင် မီဒီယာကတဆင့် ပြောတာ ဒါ နောက်ဆုံးလို့ ကျွန်တော်တို့ မှတ်ယူလို့ ရမှာပါ။”
၁၉၈၄ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ အဖိနှိပ်ခံ မြန်မာပြည်သူတွေဘက်က အမြဲ အားပေး ရပ်တည်ပြီး မြန်မာ့ ဒီမိုကရေစီရေးအတွက် အစဉ်တစိုက် ထောက်ခံ ဆောင်ရွက်လာခဲ့သူ ဖြစ်ပါတယ်။ ဘုန်းတော်ကြီး တူးတူးဟာ သောကြာနေ့က တွေ့ဆုံပွဲမှာ လူထု အခွင့်အရေးအတွက် အနုနည်းနဲ့ ဦးဆောင် တိုက်ပွဲဝင်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူး ပြောဆိုခဲ့တယ်လို့ အဲဒီတွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာကျောင်းသူတဦးက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာကတော့ သူက ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အတော် လေးစားတယ်၊ ဘာလို့လဲဆိုတော့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို အမြဲတစေ ဆောင်ရွက်ပေးနေတာ။ နောက်ပြီးတော့ အခု election တွေကလည်းပဲ ဘယ်လောက် effective ဖြစ်မယ်ဆိုတာလည်း သူက မသိဘူးတဲ့။ ဒါပေမယ်လို့ မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးဖို့ပဲ ရနိုင်တယ်။”
ဘုန်းတော်ကြီး တူးတူးဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သူ ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာ စစ်အစိုးရကို အရေးယူဖို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ချက်သမတဟောင်း ဗားစလပ် ဟာဗဲနဲ့အတူ တောင်းဆိုခဲ့ဖူးပါတယ်။