နောက်ထပ် မြန်မာသံအရာရှိတဦး အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်တောင်း
2011.07.14

RFA
ပြီးခဲ့တဲ့ သီတင်းပတ်က ဝါရှင်တန် ဒီစီမြို့မှာ ရှိတဲ့ မြန်မာ သံရုံး ဒုတိယ သံမှူးကြီး ဦးကျော်ဝင်း ခိုလှုံခွင့် တောင်းခံပြီးတဲ့နောက် အခု ဒီသံရုံးကပဲ နောက်ထပ် သံအရာရှိ တဦး ခိုလှုံခွင့် တောင်းလိုက်တာ ဖြစ်ပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနက သူ့ကို ၂၄ နာရီ အတွင်း စစ်တပ်က အရာရှိ တဦးနဲ့ အတူ ပျဉ်းမနား နေပြည်တော်ကို ပြန်လာရမယ်ဆိုပြီး အမိန့် ထုတ်ခဲ့တာကြောင့် အခုလို အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
ဦးစိုးအောင်ရဲ့ ခိုလှုံခွင့် တောင်းခံမှုဟာ သံမှူးကြီး ဦးကျော်ဝင်း ကိစ္စနဲ့ပတ်သက်လို့ မြန်မာ အစိုးရက အရပ်ဖက် သံအရာရှိတွေကိုပဲ အရေးယူတဲ့ ပုံစံမျိူး ဆောင်ရွက်လာတာကို မကျေနပ်ဘူးဆိုတဲ့ အကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ မြန်မာ စစ်သံမှူးဟောင်း ဦးအောင်လင်းထွတ်က ပြောပါတယ်။
"တိုင်းပြည်အတွင်းမှာ ဒီအရပ်သား ဝန်ထမ်းတွေ အနေနဲ့က မကျေနပ်ဘူး ဆိုတာကို ပြတဲ့ အနေအထားမျိုးပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ပြည်ပမှာ ရှိတဲ့ ဝန်ထမ်းတွေ အနေနဲ့ကတော့ ပြည်တွင်းမှာ ရှိတဲ့ ဝန်ထမ်းတွေထက် ပိုပြီး လွတ်လပ်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဦးစိုးအောင် အနေနဲ့ကလည်း မခံမရပ်နိုင်လွန်းလို့ လုပ်တဲ့ အနေအထားမျိုးပါ။"
ဦးစိုးအောင်ဟာ ၁၉၇၉ ခုနှစ် ကတည်းက နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ စတင် တာဝန် ထမ်းဆောင်ခဲ့တဲ့ အရပ်ဖက် အရာရှိ တဦးဖြစ်ပြီး၊ ဝါရှင်တန် ဒီစီရှိ မြန်မာ သံရုံးမှာ ပထမ အတွင်းဝန် အဖြစ် ၂၀၀၈ ခုနှစ်က စတင် တာဝန် ထမ်းခဲ့တာပါ။ အဲဒီ မတိုင်ခင်ကတော့ ဆွစ်ဇာလန်၊ ထိုင်းနဲ့ စင်္ကာပူ နိုင်ငံတွေက မြန်မာသံရုံးတွေမှာ တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။
ဦးစိုးအောင် အပါအဝင် ၂၀၀၅ ခုနှစ် နောက်ပိုင်း အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံတဲ့ မြန်မာ သံအရာရှိ သုံးဦး ရှိသွားပြီ ဖြစ်ပါတယ်။