ဒေါ်ခင်ကြည် ရိပ်သာကို ပြန်လည်ပြုပြင်မည်


2017.12.26

စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့က နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိတဲ့ ဒေါ်ခင်ကြည် ရိပ်သာကို လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပြန်လည်ပြုပြင်သွားမယ်လို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင် က ဒီကနေ့ ပြောပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်နဲ့ ပြန်လည်ပြုပြင်သွားမှာ ဖြစ်တယ်လို့ ဦးစိမ်းမောင် က ပြောပါတယ်။

"၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ တိုင်းဘတ်ဂျတ်နဲ့ ပြင်ဆင်ဖို့အတွက် လျာထားပြီးပြီ၊ မြို့ပေါ်မှာတော့ ဒီလို အဆောက်အအုံကောင်းကောင်းရှိတယ်ဆိုလို့ရှိရင် နိုင်ငံတော်အကြီးအကဲလာတဲ့အခါ မှာသော်လည်းကောင်း၊ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ လာတဲ့အခါမှာသော်လည်းကောင်း၊ လွယ်လွယ် ကူကူတည်းခိုလို့ရတာပေါ့။"

အဲဒီရိပ်သာကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံသံအမတ်အဖြစ် တာဝန်ယူခဲ့ချိန် ၁၉၆၃ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ရိပ်သာမှာ အဆောက်အအုံ ၆ ခုရှိပြီး ၅ ခုလောက်က တံခါးတွေ၊ ခေါင်မိုးတွေနဲ့ သန့်စင်ခန်းတွေ ပြန်လည် ပြင်ဆင် လိုက်ရုံနဲ့ ကောင်းမွန်နိုင်ပေမယ့် ကျန်တဲ့ ပင်မအဆောက်အအုံကတော့ အစအဆုံး ပြန်လည်တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဦးစိမ်းမောင် က ပြောပါတယ်။

ဒေါ်ခင်ကြည်ရိပ်သာကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လတုန်းက စစ်ကိုင်းတိုင်း လွှတ်တော်မှာ ဦးစိမ်းမောင် က တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီရိပ်သာဟာ အိန္ဒိယ-မြန်မာနယ်စပ်ကနေ ၁ မိုင် နဲ့ ၃ ဖာလုံအကွာမှာ တည်ရှိတာဖြစ်ပြီး တာဝန်ယူဆောက် လုပ်မယ့်ကုမ္ပဏီတွေကို တင်ဒါခေါ်ယူပြီး တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။