ဒေါ်စုစုနွေး မဲဆန္ဒနယ်မြေ ပြောင်းလဲယှဉ်ပြိုင်ဖို့ ပြင်ဆင်


2020.07.27
su-su-nway-622.jpg မြန်မာနိုင်ငံ တောင်သူလယ်သမားများသမဂ္ဂ ဗဟိုဥက္ကဋ္ဌ ဒေါ်စုစုနွေးကို တွေ့ရစဉ်
Photo: Su Su Nway Facebook

လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်စုစုနွေးဟာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းဖို့ စီစဉ်ထားခဲ့ပေမယ့် အဲဒီ မဲဆန္ဒနယ်မှာ  ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကြေညာလိုက်တဲ့အတွက် နေရာ ပြောင်းလဲဝင်ပြိုင်ဖို့ ဆောင်ရွက်နေပါတယ်။

လျာထားတဲ့ နေရာ နှစ်ခုကတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကော့မှူး မဲဆန္ဒနယ်အမှတ် (၁) နဲ့  ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတို့ ဖြစ်ပါတယ်။  

ဘယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာကို ဒေါ်စုစုနွေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားများသမဂ္ဂ ဗဟိုက လာမယ့် ရက်ပိုင်းအတွင်း အပြီးသတ် ဆုံးဖြတ်သွားမှာပါ။

ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမှုတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီလ ၂ဝ ရက်နေ့ ကတည်းက လက်ခံနေပါပြီ။  နောက်ဆုံးထား တင်သွင်းရမယ့်ရက်က သြဂုတ်လ ၇ ရက်နေ့ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပတဲ့ သမဂ္ဂရဲ့ (၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ တက်ရောက်လာသူတွေက ဒေါ်စုစုနွေး ဝင်ပြိုင်သင့်တဲ့ မဲဆန္ဒနယ် နှစ်ခုကို  အဆိုတင်သွင်းထားကြတာ ဖြစ်ပါတယ်။

လယ်သမားနဲ့ အလုပ်သမားအရေး လှုပ်ရှားမှုကြောင့် ပြီးခဲ့တဲ့အစိုးရများ လက်ထက်မှာ အထိန်းသိမ်းခံခဲ့ရတဲ့ ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာသူ ဒေါ်စုစုနွေးက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ စီစဉ်နေပါတယ်။

ဒေါ်စုစုနွေးနဲ့ လယ်သမားအရေး လုပ်ဆောင်နေသူတချို့ဟာ လွှတ်တော်ထဲမှာ လယ်ယာမြေနဲ့ လယ်သမားဆိုင်ရာ အခွင့်အရေးတွေ ပိုမိုအရေးဆို ဆွေးနွေးနိုင်စေရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ ဒီနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြတာပါ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ ကာလတွေမှာတော့  ဒေါ်စုစုနွေးဟာ သူ့ဒေသမှာ ရွေးကောက်ပွဲဝင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတချို့အတွက် မဲဆွယ်စည်းရုံးခဲ့သူဖြစ်ပါတယ်။

ဒီနှစ်မှာတော့ သူကိုယ်တိုင် ရွေးကောက်ပွဲဝင်တော့မှာပါ။ သူ့အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးမယ့် သူ့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်ကို တာဝန်ပေးရာမှာ နယ်မြေကျွမ်းကျင်သူ၊ ရွေးကောက်ပွဲ ဥပဒေလေ့လာထားသူတွေထဲက တစ်ဦးဦးကို ရွေးချယ်သွားမယ်လို့ အသက် ၄၈ နှစ်အရွယ် ဒေါ်စုစုနွေးက RFA ကို ပြောပါတယ်။

အလုပ်သမားအရေး၊ လယ်သမားအရေး ဆောင်ရွက်တဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကြောင့် နိုင်ငံတကာကပေးတဲ့ ဂုဏ်ပြုဆုတချို့ ရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။