ရိုဟင်ဂျာကလေးသောင်းချီ အနာဂတ်မဲ့နေကြောင်း ကန်ဝန်ကြီးကိုတင်ပြ
2019.10.28

အရှေ့အာရှပစိဖိတ်ရေးရာ အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ် David Stilwell ဟာ ဒီနေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ခဲ့ပြီးတော့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အရပ်ဖက်အဖွဲ့အစည်း၊ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒေးဗစ်စတေးဝဲလ် David Stilwell နဲ့ ဒီနေ့တွေ့ဆုံခဲ့ရာမှာပါဝင်တဲ့ ရိုဟင်ဂျာ သက်ကယ်ပြင်စခန်းက ဦးအေးမောင်ကတော့ သူတို့အနေနဲ့ ဒုက္ခသည်စခန်းမှာ ပိတ်လှောင်ခံထားရတာ အခုဆိုရင် ခုနှစ်နှစ်ပြည့်သွားပြီဖြစ်ကြောင်းနဲ့ ကလေးတွေရဲ့ အနာဂတ် ပျောက်ဆုံးနေတဲ့အကြောင်းကို တင်ပြခဲ့တယ်လို့ RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ ၂၀၁၂ တုန်းက ရခိုင်နဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းကြား အဓိကရုန်းတွေ ပေါ်ပေါက်ပြီးနောက် ရိုဟင်ဂျာ တစ်သိန်းနီးပါးကို မြို့ပြင်ကို အာဏာပိုင်တွေက ချထားလိုက်ပါတယ်။ လက်ရှိအချိန်မှာ စခန်းထဲ ရိုဟင်ဂျာ ကလေးငယ် နှစ်သောင်းနဲ့ သုံးသောင်းကြားရှိတယ်လို့ ဦးအေးမောင်ကပြောပါတယ်။
"ကလေးတွေကြီးလာလို့ရှိရင် မတူကွဲပြားမှုဆိုတာ ဘာလဲဆိုတာတောင် နားလည်မှာမဟုတ်ဘူး။ လှောင်ပိတ်ထားတဲ့ စခန်းမှာနေကြရတဲ့ အသိတွေပဲ သူတို့မှာရှိမယ်။ ကလေးတွေ အနာဂတ်မဲ့နေကြပါပြီ။ ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံ လူ့အခွင့်ရေးလိုချင်တယ်" လို့ ဦးအေးမောင်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာသံအမတ်တွေ၊ ကုလအဖွဲ့အစည်းတွေ ဒုက္ခသည်စခန်းကို လာရောက်ကြည့်ရှုတာ အကြိမ်ကြိမ်ရှိပေမယ့် ခုနှစ်နှစ်သာပြည့်သွားပြီး ဘာမှထူးမလာတဲ့အကြောင်းကို ရိုဟင်ဂျာတွေ စိတ်ပျက်နေကြောင်းလည်း ပြောဆိုကြတယ်လို့ ဦးအေးမောင်က ပြောပါတယ်။ ကန်ဒုနိုင်ငံခြားရေးဝန်ကြီးကတော့ သူတို့စိတ်ပျက်တဲ့အကြောင်းနဲ့ အခြေအနေကို နားလည်ခံစားပေးနိုင်တယ်လို့ ပြောခဲ့ကြောင်း သူကဆိုပါတယ်။
ရိုဟင်ဂျာတွေရဲ့ တင်ပြချက်ကို နေပြည်တော်က အာဏာပိုင်တွေနဲ့တွေ့ဆုံတဲ့အခါ ထည့်သွင်းဆွေးနွေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်းလည်း ဦးအေးမောင်က ပြောပါတယ်။
ကန် ဒုနိုင်ငံခြားရေးဝန်ကြီးဟာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဥက္ကဋ္ဌ ဦးစံကျော်လှကတော့ သူ့အနေနဲ့ လက်ရှိ ရခိုင်ပြည်နယ် အခြေအနေတွေ၊ လူသားချင်းစာနာ ထောက်ထားရေးကိစ္စတွေကို ကူညီပေးဖို့ လက်ထောက်ဝန်ကြီးနဲ့တွေ့ဆုံစဉ်မှာ ထည့်သွင်းပြောဆိုမယ်လို့ RFA ကို ပြောပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ ရခိုင်ကို နေ့ချင်းပြန်ခရီး သွားရောက်တာဖြစ်ကြောင်းနဲ့ အကြီးမားဆုံး လူသားချင်း စာနာထောက်ထားရေးပြဿနာတစ်ခု ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ကြောင်းနဲ့ အဲဒီပြဿနာကို အမေရိကန်က ကူညီဖြေရှင်းမယ့် နည်းလမ်းတွေ ရှာလိုတာကြောင့် သွားရောက်ရတာဖြစ်ကြောင်း အမေရိကန်သံရုံးရဲ့ပြောခွင့်ရ အာယာနီ မန်ရင်း Aryani Manring က RFA ကို ဖုန်းကတဆင့် ဖြေကြားပါတယ်။
နိုင်ငံခြားရေး ဒုဝန်ကြီးဟာ မြန်မာကို ၂၇-၃၀ အထိ လာရောက်တာဖြစ်ပြီးတော့ နေပြည်တော်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း ကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်ဟာ သူ့ရဲ့ အာရှဒေသ ခြောက်နိုင်ငံ ခရီးစဉ်ထဲက တစ်ခုဖြစ်ပါတယ်။
အထူးသဖြင့် ဒေးဗစ်စတေးဝဲလ် David Stilwell အာရှပစိဖိတ်ဒေသရဲ့ ဝါရင့်အကြီးတန်း သံတမန်တစ်ဦးဖြစ်ပြီးတော့ မြန်မာဟာ အင်ဒိုပစိဖိတ်ဒေသမှာ ပထဝီအနေအထားအရ အရေးကြီးတဲ့အနေအထားမှာရှိပြီးတော့၊ ခရီးစဉ်ဟာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့လည်း ရည်ရွယ်ကြောင်း ကန်သံရုံးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး ကဏ္ဍကို အမေရိကန်က ထောက်ခံတဲ့အချက်တွေဟာ ခရီးစဉ်ရဲ့တစ်စိတ်တစ်ဒေသဖြစ်ပြီးတော့၊ အဲဒီထဲက ရခိုင်ခရီးစဉ်ဟာလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့ ကန်သံရုံးပြန်ကြားရေးအရာရှိကပြောပါတယ်။
ဒုဝန်ကြီးဟာ နေပြည်တော်ကို သွားရောက်ဖို့ရှိပြီးတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ အမေရိကန်သံရုံးက အတည်ပြုပေးပါတယ်။
ကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ် မြန်မာနိုင်ငံကို ရောက်ရှိနေသလို၊ နယူးယောက်ပြည်နယ် အထက်လွှတ်တော်အမတ် လူးဝစ် ဦးဆောင်တဲ့ အမတ် ငါးဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ ခုနှစ်သိန်းကျော်ဝန်းကျင် ခိုလှုံနေကြတဲ့ ဒုက္ခစည်စခန်းတွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။ ဘင်္ဂလားမီဒီယာတွေရဲ့ ဖော်ပြချက်အရ အမတ် ခြောက်ဦးက ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် ပိုမိုဖိအားပေးပြီးဆောင်ရွက်ဖို့ ပြောဆိုခဲ့တာရှိတယ်လို့သိရပါတယ်။
ပြည်နယ် အထက်လွှတ်တော်အမတ်တွေ ဖြစ်တဲ့ လူးဝစ် ဆေးဖူးလ်ဗွီဒါ Luis Sepulveda, လီရွိုင် ကွမ်မရီး Leroy Comrie, ဂျိန်းစ် ကော့ဖစ် James Skoufis, ကယ်ဗင် ပါကာ Kevin S Parker နဲ့ ဂျွန်စီလူ John C Liu တို့ဟာ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးတန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ကြပါတယ်။