ကေအင်ယူ ခေါင်းဆောင်ဖဒို ဒေးဗစ်ထော ကွယ်လွန်
2012.10.15

ဖဒိုစောဒေးဗစ်ထောဟာ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကေအန်ယူအဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး သူ မကွယ်လွန်မီ ပြောကြားခဲ့တဲ့ စကားတချို့ကို ဇနီးဖြစ်သူ နော်ဂျင်းဂျာက RFA ကို အခုလို ပြန်လည်ပြောပြ ခဲ့ပါတယ်။
“သူ့ကရင်လူမျိုးတွေကိုလည်း သူချစ်တယ်။ နောက်ဟို ငြိမ်းငြိမ်းချမ်းချမ်း နေရအောင် သူက လိုချင်တယ်။ ရွာသူရွာသားတွေလည်း Displaced Person မဖြစ်အောင်လည်း သူလိုချင်တယ်၊ ဒါကြောင့် သူက အတတ်နိုင်ဆုံး စွန့်စားတာပေါ့နော်။ သူ့ကိုယ်သူ ဘုရားလက်ထက် အပ်သွားပြီတဲ့။ အမိုးကို စိတ်ချမ်းချမ်းသာသာ နေစေချင်တယ်တဲ့။ သူလည်း တာဝန်ပြီးသွားပြီပေါ့နော် ပြောလိုက်တယ်။”
ဝန်ကြီး ဦးအောင်မင်းကလည်း ဗဒိုစောဒေးဗစ်ထောဟာ ငြိမ်းချမ်းရေးအစပျိုးချိန်မှာ ကွယ်လွန်သွားခဲ့တာဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း RFA ကို ပြောကြားပါတယ်။
“ဖဒိုဒေးဗစ်ထောက ငြိမ်းချမ်းရေးရဲ့ ရောင်နီသမ်းတဲ့အချိန်မှာ ဆုံးသွားတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။ သို့သော်လည်းပဲ ဒီအရသာကို နောက်ဆုံးအချိန်ကို သူ မြင်တွေ့ခွင့်မရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။”
ဖဒိုစောဒေးဗစ်ထောကို ၁၉၄၈ ခုနှစ်မှာ ဟင်္သတမြို့နယ် သစ်ဖြူချောင်းအရပ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး၊ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးကို ၁၉၇၉ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၆၅) နှစ်ရှိပြီဖြစ်ပြီး၊ ဇနီး နော်ဂျင်းဂျာနဲ့ သား(၂) ဦး၊ သမီး(၃) ဦး ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံကနေ ညတွင်းချင်း ထိုင်း-မြန်မာနယ်စပ်ကို မော်တော်ကားနဲ့ သယ်ဆောင်သွားပြီး၊ သူ့မိခင်ခေါင်းချခဲ့တဲ့ မယ်တရိအရပ်မှာ ဈာပန အခမ်းအနားကျင်းပမယ်လို့သိရပါတယ်။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |