ဦးကိုနီနဲ့ ဦးနေဝင်း ကို အာဇာနည် သူရဲကောင်းအဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ဂုဏ်ပြုပြောကြား
2017.02.26

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ နဲ့ အငှားယာဉ်မောင်း ဦးနေဝင်း တို့ကို အာဇာနည်သူရဲကောင်းတွေ အဖွဲ့သားကောင်းတွေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဂုဏ်ပြု ပြောကြား လိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ ဦးကိုနီ နဲ့ ဦးနေဝင်းတို့အတွက် အောက်မေ့ဖွယ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ် ပါတယ်။
"ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရဲတဲ့အခြေအနေမှာ မလုပ်သင့် မလုပ်ထိုက်တာကို ကြောက်လို့ မလွန်ဆန်ရဲတဲ့အချိန်မှာ ဒီလို ကျမတို့အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေထဲက အာဇာနည်သူရဲကောင်းများ ကျမတို့ အဖွဲ့ရဲ့ သားကောင်းများ၊ နိုင်ငံတော်ရဲ့သားကောင်းများ ရှိခဲ့တယ်ဆိုတဲ့ အတိတ်ကိုအမြဲတမ်းအောက်မေ့ ပြီးတော့ အင်အားဖြစ်ကြပါစေလို့ ကျမအနေနဲ့ ဆန္ဒပြုပါတယ်၊ ကျေးဇူးတင်ပါတယ်"
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ အနီးကပ် လုပ်ကြခံရ ပြီး သေဆုံးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ လုပ်ကြံသူကို ဖမ်းဆီးရင်း သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ တာဖြစ်ပါတယ်။
အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ဟာ ဥပဒေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပုံ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပါပုံတွေကို ကောင်းစွာသိရှိ သူဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကူညီကြိုးစားပေးခဲ့တာကို ချီးကျူး စကားပြောခဲ့ပြီး ဦးကိုနီ သေဆုံးမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ် တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် လုပ်ကြံသူကို ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တဲ့ သာမန်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ အငှားယာဉ်မောင်း ဦးနေဝင်း ဟာ ရာထူးရှိသူတွေထက် ပိုပြီး တာဝန်သိတတ်သူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ဦးစီးကျင်းပတာဖြစ်ပြီး ဦးကိုနီ နဲ့ ဦးနေဝင်း တို့ မိသားစုဝင်တွေ ၊ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ပါတီနာယက ဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ အန်အယ်လ်ဒီပါတီဝင်တွေ တက်ရောက်ခဲ့ကြ ပါတယ်။