ဒေါ်အောင်ဆန်းစုကြည် ရောမ မြို့တော်သူဆုကို လက်ခံရယူ
2013.10.28
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၉ နှစ်ကတည်းက ချီးမြှင့်ခံထားရတဲ့ ဂုဏ်ထူးဆောင်ရောမမြို့တော်သူဆုကို အီတလီနိုင်ငံမှာ မနေ့က လက်ခံရယူပါတယ်။
ဥရောပ ငါးနိုင်ငံခရီးလှည့်လည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကတဆင့် အီတလီနိုင်ငံကို ရောက်ရှိသွားပြီး ၁၉၉၄ ခုနှစ်က သူ့ကိုအပ်နှင်းထားတဲ့ ဂုဏ်ထူးဆောင်မြို့သူဆုကို လက်ခံရယူတာပါ။
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း အချိန်အများစုဟာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဂုဏ်ထူးဆောင်ဆုကို ကိုယ်တိုင်လက်မခံနိုင်ခဲ့ဘဲ ခုမှလက်ခံရတာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ရောမမြို့တော်ဝန် Ignazio Marino က နောက်ဆုံးတော့ လွတ်လပ်တဲ့ အမျိုးသမီးတစ်ဦးကို ရောမမြို့က ဆုချီးမြှင့်နိုင်ပါပြီလို့ သူ့လူမှုရေးကွန်ရက် tweeter မှာ ရေးသားထားပါတယ်။
မြို့တော်ခန်းမမှာကျင်းပတဲ့ ဂုဏ်ဆောင်ဆုအပ်နှင်းတဲ့ အခမ်းအနားမှာ သူ့ဘဝကို သူရွေးချယ်တာဖြစ်ပြီး စွန့်လွှတ်အနစ်နာခံတာ မဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ အီတလီသမ္မတ Giorgio Napolitano နဲ့ ဝန်ကြီးချုပ် Enrico Letta တို့နဲ့ တွေ့ဆုံပါမယ်၊ နိုင်ငံခြားရေးဝန်ကြီး Emma Bonino နဲ့လည်း ဒီနေ့တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့လည်း ဒီနေ့တွေဆုံပါမယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတဦးအဖြစ် ပုပ်ရဟန်းမင်းကြီးက တွေ့ဆုံမှာဖြစ်ပြီး အာရှနဲ့ တံတားခင်းဖို့ဖြစ်တယ်လို့ သတင်းတရပ်က ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ဂုဏ်ထူးဆောင်Turin မြို့သူဆု၊ အောက်တိုဘာ ၃ဝ ၇က်မှာ ဂုဏ်ထူးဆောင် Bologna ဘိုလော့ခ်နာမြို့သူဆုနဲ့ အောက်တိုဘာ ၃၁ ရက်မှာ ဂုဏ်ထူးဆောင် Parma မြို့သူဆုကို လက်ခံရယူပါမယ်။