ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်ပြည်သစ်ပါတီ တွေ့ဆုံဆွေးနွေး
2017.09.01

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ ဦးဆောင်တဲ့ ထိပ်တန်းခေါင်းဆောင်တွေဟာ ဒီကနေ့ နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်မှု အခြေအနေတွေကို ရင်းနှီး ပွင့်လင်းစွာနဲ့ ဆွေးနွေးကြတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲအကြောင်းကို မွန်ပြည်သစ်ပါတီဘက်က တာဝန်ရှိသူတွေဆီ ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေ မယ့် အကြောင်းပြန်ကြားတာမရှိခဲ့ပါဘူး။
အဲဒီတွေ့ဆုံပွဲကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟို ဌာန အတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့ တက်ရောက်ကြပါတယ်။
မွန်ပြည်သစ်ပါတီဘက်က ဒုတိယဥက္ကဋ္ဌနိုင်ဟံသာနဲ့အတူ နိုင်ဇေယျ၊ နိုင်လယီကောင်း၊ နိုင်ဝင်းလှ၊ နိုင်အောင်မငေး တို့ တက်ရောက်ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။