၂၁ ပင်လုံ သဘောတူညီချက်တွေ ငြိမ်းချမ်းရေးအတွက် အရေး ကြီးကြောင်းပြော
2017.05.29

ဒုတိယအကြိမ် ၂၁ ပင်လုံ အစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် လက်မှတ်ရေး ထိုးနိုင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စုပေါ်ထွန်းရေးတို့အတွက် အရေးကြီးတဲ့ခြေလှမ်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ပြောဆိုလိုက်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ - ရာစုပင်လုံ ဒုတိယအကြိမ် အစည်အဝေးနောက်ဆုံးနေ့ အပိတ်မိန့်ခွန်းမှာ ညီလာခံမှာ သဘောတူညီချက်အချို့ ရရှိခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောတာပါ။
"ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီကနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီးအပေါ် လျှောက်လှမ်းလိုက်တဲ့ အရေးကြီးတဲ့ခြေလှမ်းကြီးဖြစ်ပါတယ်၊ ဒီခြေလှမ်းလှမ်းနိုင်ဖို့ သဘောတူညီချက်တွေကို လွယ်လွယ်ကူကူရရှိခဲ့တာတော့ မဟုတ်ပါဘူး၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်ဓါတ်ကျစရာတွေ စိတ်တက်ကြွ စရာတွေ ကျော်ဖြတ်ပြီးမှ အခုလိုရရှိခဲ့တာဖြစ်ပါတယ်"
ဒါ့အပြင် ပြည်တွင်းစစ်ကို အခုလူတွေစခဲ့ကြတာ မဟုတ်ပေမယ့် အဆုံးသတ်နိုင်အောင် ကြိုးစားနေတာဟာ ပြည် တွင်းစစ်မှာ အတိဒုက္ခရောက်နေကြရတဲ့၊ ကိုယ်ရောစိတ်ပါ လုံခြုံအေးချမ်းစွာနေချင်တဲ့ ပြည်သူတွေအ တွက်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားပါတယ်။
ဒီကနေ့ စိုက်ပျိုးသမျှဟာ နောက်လာနောက်သားတွေ အသီးအပွင်ခံစားရမှာဖြစ်ကြောင်း၊ စွန့်လွှတ်မှု၊ စွန့်စားမှုတွေနဲ့ အုတ်မြစ်ချလိုက်တဲ့အပေါ်မှာ နောက်လာမယ့် ခိုင်မာတောင့်တင်းတဲ့ နိုင်ငံကြီးကို ဆက်လက်တည်ဆောက် မွန်းမံ သွားစေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ညီလာခံမှာ မပါဝင်နိုင်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း အတူတကွလက်တွဲ ပူးပေါင်းပြီး သမိုင်တွင် ကျန်ခဲ့မယ့်လုပ်ငန်းကြီးမှာ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားပါတယ်။
ပြည်တွင်းစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို မှန်ကန်တဲ့စိတ်ဓာတ်နဲ့ ကုစားပေးနိုင်တယ်ဆိုတာ စိတ်ကူးယဉ် မဟုတ်ကြောင်းကို ညီလာခံကိုယ်စားလှယ်ကြီးတွေက လမ်းပြပေးနိုင်ခဲ့ကြောင်းနဲ့ ငြိမ်းချမ်းရေး ခရီးလမ်းမှာ ရှေ့ကိုမျှော် အနာဂတ်ကို အာရုံပြုပြီး သွက်သွက်လက်လက် ဆက်ပြီးလျှောက်လှမ်းကြဖို့ကိုလည်း တိုက်တွန်းပြော ဆိုသွားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁- ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC - 2 မှာ မေလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့ အထိ ၆ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ညီလာခံကနေ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊မြေယာနဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ ကဏ္ဍလေးခုမှာ ပါဝင်တဲ့ အချက်ပေါင်း ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် လက်မှတ်ရေးထိုးခဲ့ကြ တာဖြစ်ပါတယ်။