၁၈ နှစ်ပြည့် ဒီကေဘီအေ တပ်မတော်နေ့ ကျင်းပ
2012.12.21

အခမ်းအနားမှာ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ် က
" ဒီကေဘီအေမွေးဖွားလာတာ ၁၈နှစ်ရှိခဲ့ပြီ အဲဒါကို မပပျောက်အောင် နှစ်စဉ်နှစ်တိုင်း ဒီကေဘီအေ တပ်မှူးတပ်သားတွေသိအောင် ပြုလုပ်ရတာဖြစ်တယ်။ အခုလို အခမ်းအနားလုပ်တာက ကျနော်တို့ ဒီကေဘီအေတစ်ခုထဲ ကိုယ်စားပြုပြီး လုပ်တာမဟုတ်ဘူး ကရင်လူထုကိုရော အစိုးရကိုတော်လှန်နေတဲ့ မဟာမိတ် တိုင်းရင်းသား အဖွဲ့အစည်းတွေကို ကိုယ်စားပြုရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် မပပျောက်အောင် တပ်မွေးနေ့ကို ကျင်းပရတာဖြစ်တယ် လို့ ပြောသွားပါတယ်။"
ဒီကေဘီအေအဖွဲ့ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အစိုးရတပ်တွေကို လက်နက်ကိုင်တော်လှန်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင်းထိ တပ်စွဲတိုက်ခိုက်ခဲ့ပြီး ၂၀၁၁ခုနှစ် နိုဝင်ဘာလမှာ ကရင်ပြည်နယ် ဘားအံမှာ အစိုးရနဲ့အပစ်အခတ်ရပ်ဆဲရေး သဘောတူခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒီနောက် ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အပိုင်းနဲ့ပတ်သက်လို့ ထူးထူးခြားခြား ငြိမ်းချမ်းတာမျိုး မဟုတ်ကြောင်းနဲ့ ပြောရမယ် ဆိုရင် ပြည်သူလူထုတွေအနေနဲ့ လွတ်လွတ်လပ်လပ် အသက်ရှင်ခွင့် မရသေးဘဲ အသက်ရှူခွင့်လောက်သာ ရနေသေးကြောင်း၊ နောက်နောင် တကယ်ငြိမ်းငြိမ်းချမ်းချမ်းဖြစ်လာမယ့် အခြေအနေထိ တိုင်းရင်းသားပေါင်းစုံညီညီညွှတ်ညွှတ် လုပ်ဆောင်သွားရမယ်လို့ ဒီကေဘေီအေဗိုလ်ချုပ် စောလားဘွယ် ကပြောပါတယ်။
ဒီကေဘီအေရဲ့ ရှေ့ဆက်နိုင်ငံရေး စစ်ရေးလှုပ်ရှားဆောင်ရွက်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ကလိုထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင် က အခုလိုပြောပါတယ်။
"နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ မိခင်ကေအန်ယူရဲ့ ဒီနိုင်ငံရေးကို ဆက်လက်ဖော်ဆောင်သွားမယ်၊ စစ်ရေးကျတော့ ကျနော်တို့ စစ်တိုက်ဖို့ မရည်စူးပါဘူး၊ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့အတွက်တော့ ကျနော်တို့ရည်ရွယ်ချက်ရှိတယ်၊ ဆိုတော့ ကချင်စစ် ရပ်တန်းကရပ်ဖို့နော်၊ ရဟန်းပြည်သူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးဖို့ ကျနော်တို့စစ်တိုက်မယ်ဆိုလို့ရှိရင် ကျနော်တို့မှာ စစ်လက်နက်ရှိတယ် ကျနော်တို့ မတိုက်ချင်တော့ဘူး"
ဒီအခမ်းအနားကို ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ရခိုင်ပြည် တပ်မတော်နဲ့ မြဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ အစိုးရရဲ့ ဒေသဆိုင်ရာ စစ်တပ်အရာရှိတွေအပြင် မြိုင်ကြီးငူဆရာတော် ဒီကေဘီအေရဲ့ နာယက ဆရာတော်ဖြစ်တဲ့ ဦးသုဇန ၊ ရန်ကုန်မြို့ကနေ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ကဗျာဆရာ ငြိမ်းသစ်နဲ့ လျှပ်တပြက်ဂျာနယ်၊ The Voice၊ မြန်မာပို့စ် စတဲ့ ဂျာနယ်တိုက်တွေက သတင်းမီဒီယာသမားတွေလည်း တက်ရောက် ခဲ့ကြပါတယ်။
NLD ဌာနချုပ်ကလည်း နယက ဦးတင်ဦးလက်မှတ်နဲ့ ဒီကေဘီအေမွေးနေ့ကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
တက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေက သူတို့ရဲ့ ဌာနချုပ်ကပေးပို့လာတဲ့ သဝဏ်လွှာတွေကိုဖတ်ကြားခဲ့ပါတယ်။
ဒါ့အပြင် ကိုသားထွေး ဦးဆောင်လာတဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့ကလည်း ငြိမ်းချမ်းရေး တေးဂီတစင်တင်ပွဲ၊ ကရင်ဒုံးယိမ်းပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပွဲတွေ၊ ဇာတ်သဘင် အကတွေနဲ့ ဖျော်ဖြေတင်ဆက် ခဲ့ပါတယ်။