ယဉ်ကျေးမှုပွဲတော်ကို အတိုင်ပင်ခံ မတက်ဖြစ်
2018.02.07

ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပမယ့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှှု ပွဲတော်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်တော့ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
ပြည်ထောင်စုနေ့နဲ့ NCA လက်မှတ်ရေးထိုးပွဲတွေနဲ့ နီးကပ်နေတာကြောင့် မလာဖြစ်ကြောင်း အကြောင်းပြန်ထား တယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး က ပြောပါတယ်။
"အမိုးကို စာပို့တာပေါ့၊ NCA လက်မှတ်ထိုးဖို့ရှိတယ်လေ၊ ပြည်ထောင်စုနေ့လည်းနီးတယ်၊ အဲဒါကြောင့် မလာတာလို့ ထင်တာပဲနော်၊ မလာဖြစ်ဘူးလို့ပဲ အကြောင်းပြန်တာပေါ့နော်၊ ကျန်တာတော့ ဘာမှမပြန်ဘူး၊ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် လာမှာပေါ့"
ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပမယ့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်ကို တက်ရောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖိတ်ကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ဖွင့်ပွဲ အခမ်းအနားကို အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖို့ မူလက စီစဉ်ထားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တို့ဟာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ်မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ လက်မှတ်ရေးထိုးပွဲ ရှိနေတာကြောင့် မလာရောက်နိုင်ဘဲ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ဖို့ရှိတယ်လို့ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးက ပြောပါတယ်။
တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်မှာ ကရင်ပြည်နယ်မှာရှိတဲ့ ကရင်၊ မွန်၊ ဗမာ၊ ပအိုဝ်းနဲ့ ရှမ်းလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု စာပေတွေ၊ အစားအသောက်တွေ၊ ရိုးရာအဝတ်အထည်တွေ၊ ပြခန်းတွေ ခင်းကျင်းပြသသွားမယ်လို့ သိရပါတယ်။