RCSS ရဲ့ပစ်ခတ်မှုကြောင့် ပအိုဝ်းတိုင်းရင်းသားတွေသေဆုံးမှု အရေးယူပေးဖို့ တောင်းဆို
2018.12.13
ပအိုဝ်းတိုင်းရင်းသားတွေနေထိုင်တဲ့ လွိုင်လင်မြို့နယ် နမ်းဟူးကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံ ၃ ဦးကို စစ်ဆေးမေးမြန်းဖို့အတွက်ဆိုပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့နေ့လည်ပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ RCSS အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဖမ်းဆီးသွားသူတွေကို ပြန်လွှတ်ပေးဖို့အတွက် ဒေသခံရွာသား ၆ ဦးက နောက်ကလိုက်ပြီး တောင်းဆိုရာမှာ စကားများပြီး သေနတ်နဲ့ပစ်ခတ်တာကြောင့် ဒေသခံရွာသား ၅ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တာလို့ လွိုင်လင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ခွန်းလောင်းက RFA ကိုပြောပါတယ်။
"ဘာကြောင့် ကျနော်တို့ရွာသားတွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ဖမ်းသွားသလည်း ကျနော်တို့မသိဘူး၊ အဲဒါတော့၊ ကျနော်တို့ရွာသားနဲ့ အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ပေးပါဆိုပြီးတော့ လိုက်တောင်းတာ၊ အဲအချိန်မှာ စကား နည်းနည်းများတာကတော့ ကြိုးဖြည်တဲ့အချိန်မှာပဲ စကားများတာတော့ ကိစ္စမရှိ ကျနော်လည်း လှည့်ပြီးတော့ ပြန်ဖို့လုပ်တဲ့အချိန်မှာ သေနတ်သံတွေက ထွက်လာပြီလေ၊ အဲအချိန်မှာ ကျနော့်ခြေသလုံးကိုလည်း လာမှန်သွား တယ်လေနော်၊ အဲဒါနဲ့ သေတဲ့သူကသေတယ်ပေါ့၊ ဒဏ်ရာရတဲ့သူက ဒဏ်ရာရ တချို့ကသေပြီ ဟန်မဆောင်ပဲနဲ့ အော်တဲ့သူကအော်တယ်၊ အဲဒါနဲ့ ခဏနေတော့ သက်သေကျန်ခဲ့မယ်ဆိုပြီးတော့ တစ်ခါပစ်တဲ့သူက ပြန်လာပစ် တယ် အဲလိုမျိုးဖြစ်တယ်"
ဒဏ်ရာရသူ ၃ ဦးထဲက ၂ ဦးဟာ စိုးရိမ်ရတာကြောင့် တောင်ကြီးဆေးရုံကို လွှဲပြောင်းကုသနေပြီး သေဆုံးသွား သူတွေကိုတော့ လွိုင်လင်မြို့နယ်သုဿန်မှာ ဒီနေ့သဂြိုၤဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသားတွေ သေဆုံးဒဏ်ရာရတာဟာ RCSS အဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဝန်ခံထားပေမယ့် ရွာသားတွေ ဘက်က ဓားနဲ့ ဝင်ရောက်ခုတ်ခဲ့တာကြောင့် ပစ်ခတ်ခဲ့ရတာလို့ RCSS အဖွဲ့က မနေ့ကကြေညာချက်ထုတ် ထားပါတယ်။
ဒ့ါအပြင် ဒီပြဿနာကို ညှိနှိုင်းဖြေရှင်းဖို့လိုပြီး ဖြစ်ရပ်ကို ပြန်လည်စီစစ်ပြီး နောင်မှာအခုလို ကိစ္စမျိုး ထပ်မဖြစ်ရအောင် လုပ်ဆောင်သွားမယ်လို့ RCSS အဖွဲ့ ဗိုလ်မှူးကြီး စိုင်းဦးက RFA ကိုပြောပါတယ်။
အဲလိုဖြစ်တဲ့ ပြဿနာတွေကိုတော့ ညှိနှိုင်းဖြေရှင်းပြီးတော့ လုပ်ရမယ်ဆိုတာတော့ လက်ခံတယ်၊ ဒါပေမဲ့ ဘယ်လိုနည်းလမ်းနဲ့ လုပ်မယ်ဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး၊ ကျနော်တို့က တမင်ရည်ရွယ် ပြီးတော့ တမင်လုပ်တာမဟုတ်ပါဘူး၊ ဖြစ်တဲ့ကိစ္စအကြောင်းအရာတွေ ပြန်ပြီးတော့ စိစစ်ရမှာဖြစ်ပါတယ်၊ ဒါမျိုးတွေကိုတော့ နောက်နောင်လည်း မဖြစ်စေချင်ပါဘူး၊ ဒါမျိုးဖြစ်စဉ်တွေ တစ်ခုပြီးတစ်ခု ရှမ်းပြည်ထဲမှာ ဆက်ဖြစ်နေတာ မကောင်းပါဘူး၊ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေကျစေပါတယ်၊ ပဋိပက္ခမဖြစ်အောင် အားလုံးက ဝိုင်းပြီးတော့ ထိန်းသိမ်းရမှာဖြစ်ပါတယ်
ရွာသားတွေဘက်ကတော့ RCSS အဖွဲ့က ထုတ်ပြန်သလို သူတို့တွေဟာ ဓားနဲ့ ဝင်ရောက် ခုတ်တာမရှိကြောင်းနဲ့ ဒီလိုဖြစ်ရပ်တွေကြောင့် ရွာလုံခြုံရေးအတွက် စိုးရိမ်နေကြောင်း ပြောကြပါတယ်။
ဒါကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့ ဒေသခံတွေလုံခြုံရေးကို တာဝန်ယူပေးဖို့ လိုလားနေကြောင်း ဆေးကုသမှုခံယူနေရတဲ့ ခွန်လောင်း က ပြောပါတယ်။
"ကျနော်တို့ရွာဘက်မှာ ခေါင်းဆောင်ပိုင်းတွေ တစ်ယောက်မှ မရှိတော့ဘူး၊ အားလုံးကျဆုံးသွားပြီလေ၊ အဲတော့ ရွာထဲကသူတွေက အားငယ်ကြတာပေါ့၊ အစိုးရအနေနဲ့ ရွာသားတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးဖို့ကို လိုလားနေကြတာပေါ့"
RCSS အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
နမ်းဟူရွာသားတွေ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ ရှမ်းတိုင်းရင်းသားတွေနဲ့ ပအိုဝ်းတိုင်းရင်းသားတွေအကြား ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာတဲ့ပုံရိပ်ကို ထိခိုက်စေတာကြောင့် RCSS အဖွဲ့အနေနဲ့ အပြည့်အဝတာဝန်ယူဖို့လိုပြီး ပြည်ထောင်စု အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး သက်ဆိုင်သူတွေကို အရေးယူပေးဖို့ကို ပအိုဝ်းအဖွဲ့အစည်း ၂၃ ဖွဲ့က စုပေါင်းပြီး မနေ့က ရက်စွဲနဲ့ကြေညာချက် ထုတ်လိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းမှားထုတ်တာတွေရှိနေတာကြောင့် လူမျိုးရေး ပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်ပြီး ပအိုဝ်းအဖွဲ့အစည်းတွေ စုပေါင်းပြီး ကြေညာချက်ထုတ်လိုက်တာလို့ တိုင်းရင်းသားလူနည်းစုများ ဒီမိုကရေစီအဖွဲ့က ကိုခွန်ဇော် က ပြောပါတယ်။
"အထူးသဖြင့် စိုးရိမ်စရာအခြေအနေက လက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်နေတာကနေ လူမျိုးရေး ပြဿ နာဖြစ်လာမှာကို လူမှုအရပ်ဘက်အဖွဲ့အစည်းတွေက တော်တော်လေးစိုးရိမ်မိပါတယ်၊ အွန်လိုင်းပေါ်မှာရော တချို့သတင်းမီဒီယာတွေမှာက ဖော်ပြချက်တွေက သတင်းမှန်တွေမဟုတ်ဘဲနဲ့ ဝါဒဖြန့်တဲ့ သတင်း မျိုးတွေဖော်ပြနေတာက လူမျိုးရေးပဋိပက္ခဖြစ်မှာကို ပအိုဝ်းအဖွဲ့အစည်းတွေအနေနဲ့ စိုးရိမ်စရာဖြစ်တာပေါ့"
ဒီနေ့မနက်ပိုင်းမှာတော့ လွိုင်လင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုခွန်လောင်းကို လွိုင်လင်မြို့နယ် ရဲစခန်းမှူးက ဖြစ်စဉ်အခြေအနေကို လာရောက်မေးမြန်းသွားခဲ့ကြောင်း ကိုခွန်လောင်းက ပြောပါတယ်။
ရဲတပ်ဖွဲ့က လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေကို လွိုင်လင်မြို့နယ်ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရရှိခဲ့ပါဘူး။