ရိုက်တာသတင်းထောက် ၂ ဦးအယူခံ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ စတင်ကြားနာ
2019.03.26
ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အယူခံကို နေပြည်တော် က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဒီကနေ့ ကြားနာပြီး အပြန်အလှန်လျှောက်လဲချက်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ရိုက်တာသတင်းထောက်နှစ်ဦး အမှုအယူခံကို ရန်ကုန်တိုင်းတရားလွှတ်တော်က ပယ်ချလိုက်တာကြောင့် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဆက်လက် အယူခံဝင်ထားတာဖြစ် ပါတယ်။
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်ခံထားရတဲ့အပေါ် ကျေနပ်မှုမရှိ တာကြောင့် ပြင်ဆင်ချက် ၁၃ ချက်နဲ့ ဖေဖော်ဝါရီလ ၁ ရက်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးထံ အယူခံတင်ခဲ့တာလို့ သိရပါတယ်။
ဒီအယူခံမှာ နိုင်ငံတကာစီရင်ထုံးအချို့ကို ဖော်ပြထားပြီး ဒါကို လက်ခံတာ ထူးခြားတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
စာမျက်နှာ ၂၆ မျက်နှာပါ အချက် ၁၃ ချက်ကို အပြန်အလှန်လျှောက်ထားခဲ့ကြောင်း၊ ဘယ်နေ့ အမိန့်ချမယ်ဆိုတာ မသိရှိသေးကြောင်းလည်း ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒီအယူခံအောင်မြင်မယ်လို့ ကိုကျော်စိုးဦးရဲ့ ဇနီးဖြစ်သူ မချစ်စုက ပြောပါတယ်။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေရဲ့ လုံခြုံရေးတွေနဲ့ ပတ်သက်တဲ့ စာရင်းတွေ လက်ဝယ်တွေ့ရှိလို့ဆိုပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။