အာဏာသိမ်းသုံးနှစ်ပြည့် အမေရိကရောက်မြန်မာတွေ ဆန္ဒပြ

အာဏာသိမ်းထားတာ သုံးနှစ်တိတိရှိလာပြီဖြစ်တဲ့ စစ်အကောင်စီအပေါ် ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ဖို့ အမေရိကန်ရောက် မြန်မာတွေ နယူးယောက်မြို့နဲ့ ဝါရှင်တန်ဒီစီမြို့တွေမှာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။
နယူးယောက်မြို့က ဆန္ဒပြပွဲမှာတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့လည်း ပါဝင်ခဲ့ပါတယ်။
နယူးယောက်မြို့လယ်ခေါင်က ဆန္ဒပြပွဲမှာတော့ မြန်မာပြည်ဖွား တိုင်းရင်းသား အယောက် ၅၀၀ လောက်ပါဝင်ခဲ့ပါတယ်။
ဝါရှင်တန်ဒီစီ အမေရိကန် သမ္မတအိမ်ဖြူတော်ရှေ့မှာလည်း မနေ့က ဆန္ဒပြကြပါတယ်။
အာဏာသိမ်း သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ အမေရိကန်က ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။
အမေရိကန်အစိုးရက မြန်မာ့အရေး ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် တွန်းအားပေးဖို့လည်း အမေရိကန်အောက်လွှတ်တော်အမတ်များအဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။
နောက်ဆုံးတခေါက်ထပ်တိုးလိုက်တဲ့ ဆန်ရှင်စာရင်းထဲမှာ မြန်မာစစ်တပ်ဦးပိုင်လုပ်ငန်းနဲ့ ဆက်စပ်လုပ်နေတဲ့ ရွှေဗျိုင်းဖြူနဲ့၊ ကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီ၊ အဲဒီကုမ္ပဏီပိုင် ခရိုနီလုပ်ငန်းရှင်တွေနဲ့ မိသားစုဝင်တွေအားလုံးကို ဒဏ်ခတ်လိုက်ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်တပ်ဗိုလ်ချုပ်တွေ၊ စစ်တပ်နဲ့ စီးပွားရေး လုပ်တဲ့ ခရိုနီတွေ စုစုပေါင်း (၉၁) ယောက်နဲ့ ဌာနဆိုင်ရာ၊ စီးပွားရေးလုပ်ငန်းပေါင်း (၄၆) ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေက မလုံလောက်တာကြောင့် စစ်တပ်ဝင်ငွေ သန်းနဲ့ချီရနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) လို လုပ်ငန်းတွေကို ပစ်မှတ်ထားပိတ်ဆို့ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။