သီးခြားဆွေးနွေးခွင့်မရတဲ့ ဖွဲ့စည်းပုံမူကြမ်းကိစ္စ ခုံရုံးမှာ အပြန်အလှန်လျှောက်လဲချက်တင်


2019.06.27
constitutional-tribunal-622.jpg နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဆိုင်းပုတ်ကို တွေ့ရစဉ်
Photo: Thiha Tun/RFA

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၅ ကို ချိုးဖောက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ ဒီပုဒ်မကို အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို လက်မှတ်ရေးထိုး တိုင်ကြား ခဲ့တာဖြစ်ပါတယ်။

အဲဒီ တိုင်ကြားချက်အပေါ် ဒီနေ့ နေပြည်တော်က အခြေခံဥပဒေဆိုင်ရာခုံရုံးမှာ နှစ်ဖက် အပြန်အလှန် လျှောက်လဲ ချက်ပေးခဲ့ကြပါတယ်။

ပုဒ်မ ၄၃၅ မှာ ဖော်ပြချက်အရ သတ်မှတ်ချက်အပြည့်အစုံနဲ့ တင်သွင်းလာတဲ့ အခြေခံဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးပေးရမယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါကြောင့် ပုဒ်မ ၄၃၄၊ ၄၃၆ ၊ ၄၃၇ တို့အရ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်က လက်မှတ်ရေးထိုးတင်ပြလာရင် ပိတ်ပင်လို့မရဘူးလို့ ဒီနေ့ ခုံရုံးမှာ ကြံ့ခိုင်ရေးပါတီဘက်က တင်ပြခဲ့ပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို သီးခြားဆွေးနွေးတာမရှိပဲ NLD ပါတီ ဦးဆောင်တဲ့ ပူးပေါင်းကော်မတီမှာ ထည့်သွင်းခဲ့တဲ့အပေါ် ခုံရုံးက အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ လျှောက်ထားတာဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ပြောခွင့်ရ ဒေါ်ယဉ်မင်းမြင့်ဆွေ က ပြောပါတယ်။ကြံံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ

"အခြေခံဥပဒေပုဒ်မ ၂၆၁ ကို ပြည်ထောင်စုလွှတ်တော်မှာ သီးခြားဆွေးနွေးခြင်းမရှိပဲ ပူးပေါင်းကော်မတီမှာ ထည့်သွင်းဆွေးနွေးတဲ့ကိစ္စအပေါ်မှာ ကျမတို့က အခြေခံဥပဒေ အခန်း ၁၂ ပါ ပြဌာန်းချက်တွေနဲ့အညီ တင်သွင်းတယ်လေ။ အဲဒီလုပ်ထုံးလုပ်နည်းအရပဲ ပုဒ်မ ၂၆၁ ကိစ္စကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးပေးဖို့တောင်းဆိုတာ။ ဒါကြောင့် အဲဒီကိစ္စရပ်အပေါ်မှာ ပုဒ်မ ၄၃၅ကို အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ ခုံရုံးကို လျှောက်ထားတာပါ။"

တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေက ခန့်အပ်တာနဲ့ ဆိုင်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ အပါအဝင် သမ္မတ လုပ်ပိုင်ခွင့်ကိုလျော့ချမယ့် ပုဒ်မတချို့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တချို့၊  တပ်မတော်သားကိုယ်စား လှယ်တွေက တင်ပြထားတာဖြစ်ပါတယ်။

ခုံရုံးကို တင်ပြထားတဲ့အပေါ် လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီနေ့ ခုံရုံးမှာ လျှောက်လဲချက်ပေးခဲ့တာကတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ဖြစ်ပါတယ်။NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က

NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည် ညွန့် က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်က ဆောင်ရွက်နေ တဲ့အခြေအနေနဲ့ ပုဒ်မ ၄၃၅ အပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ လို၊ မလို လာရောက် လျှောက်လဲတာဖြစ်တယ်လို့ ပြောပါတယ်။

"လွှတ်တော်ကြီးထဲမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုတွေဆောင် ရွက်နေသလဲဆိုတာ သက်ဆိုင်ရာခုံရုံးက ရှင်းရှင်းလင်းလင်းသိပြီး ထည့်သွင်းစဉ်းစားနိုင်အောင် ရှင်းပြတာဖြစ်တယ်။ ဒီအဓိပ္ပါယ် ဖွင့်ဆိုပေးဖို့ လိုသလား မလိုဘူးလားဆိုတဲ့အပေါ်မှာ မူတည်ပြီး ဥပဒေဆိုင်ရာ အချက်အလက်အပြင် လွှတ်တော်မှာ ဆောင် ရွက်နေတာ ဘယ်လိုရှိလဲဆိုတာ ခုံရုံးသိအောင် ပြည်ထောင်စု လွှတ်တော်ရဲ့ ကိုယ်စား ရှင်းလင်းတင်ပြပေးတာပါ။"

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းတာဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာဖြစ်ကြောင်းနဲ့ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ပုဒ်မ ၂၆၁ တစ်ခုထဲကိုသာ ပြင်ဆင်တာမဟုတ်ပဲ အဲဒါနဲ့ သက်ဆိုင်တဲ့ပုဒ်မတွေကိုပါ ပြင်ဆင်ဖို့ လိုအပ်ကြောင်း ခုံရုံးကို လျှောက်ထားခဲ့ပါတယ်။

ဒီနေ့ ခုံရုံးကို လာရောက်လျှောက်လဲခဲ့တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပုဒ်မ ၄၃၃ ၊ ၄၃၄နဲ့ ၄၃၅ တို့ဟာ လုပ်ထုံးလုပ်နည်းတွေ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ ထပ်မံအဓိပ္ပါယ်ဖွင့်ဆိုစရာမရှိကြောင်းနဲ့ ဒါဟာ ပုဒ်မ ၃၂၂ နဲ့ အကျုံးမဝင်ကြောင်း တင်ပြခဲ့ပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း ကတော့ ဒီလျှောက်လဲချက်တွေနဲ့ ပတ်သက်လို့ ခုံရုံးက ဆုံးဖြတ်ချက်ချမယ့် အချိန်ကို ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။