၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့အတွက် တပ်မတော်က အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း ပါဝင်ပေးဖို့ ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုခေါင်းဆောင် ဦးမြအေးက ဒီကနေ့ ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ကျင်းပတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ခံပွဲမှာ ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြင်ဆင်ပေးရေး ထောက်ခံပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ညနေပိုင်းကပြုလုပ်ခဲ့ပြီး စာရေးဆရာ ထင်လင်းဦး၊ ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုခေါင်းဆောင် ဦးမြအေး၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် တို့က ဟောပြောခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုထုလက်မှတ်ကောက်ခံတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ ပြုလုပ်တဲ့ပွဲဟာ နိုင်ငံရေး ပါတီတွေက ဦးဆောင်ပြုလုပ်တာမဟုတ် ပြည်သူတွေက အင်တာနက် အွန်လိုင်းကနေပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒေ ပြင်ဆင်လိုသူတွေ လာရောက်ဖို့ ဖိတ်ခေါ်ပြီး ပြုလုပ်တာဖြစ်တယ်လို့ ဒီနေ့ပွဲကို ဦးဆောင်ပြုလုပ်တဲ့ မစုမာက ပြောပါတယ်။
"ဘယ်ပါတီကမှလည်း ညွှန်ကြားထားတာမရှိဘူး၊ ကျွန်မတို့ရဲ့ ဦးဆောင်ကော်မတီ ၅ ဦးက ဦးဆောင်ပြီးတော့ အွန်လိုင်းကနေကြေညာတယ်၊ ဘယ်သူတွေ ပူးပေါင်းချင်လည်း ဦးဆောင်တဲ့သူ ဘယ်သူရှိလည်း ဦးဆောင်တဲ့သူမရှိရင် ကျွန်မတို့ ဦးဆောင်မယ်၊ ဦးဆောင်တဲ့သူရှိရင်လည်း ကျွန်မတို့ သွားပူးပေါင်းဖို့ အဲလိုကြေညာပြီးမှ စလုပ်ခဲ့ကြတာပါ၊ ကျွန်မတို့က ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် လူထုထောက်ခံပွဲကို လာဖို့အတွက် ဖိတ်ကြားတဲ့အခါမှာလည်း ကျွန်မတို့က ပါတီအားလုံးကို ဖိတ်တယ်၊ အရပ်ဘက်အဖွဲ့အစည်း အားလုံးကို ဖိတ်ပါတယ်"
နိုင်ငံတော်သမ္မတကတောင် လစ်လပ်တဲ့နေရာကို တိုက်ရိုက်ခန့်ခွင့်မရှိတာကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကိုယ်စားလှယ်တွေ ရာနဲ့ချီကို တိုက်ရိုက်ခန့်လို့ရနေတဲ့အတွက် အခြေခံဥပဒေကို ပြင်ဆင်ချင်တာဖြစ်တယ်လို့ စာရေးဆရာ ထင်လင်းဦးက အခုလို ပြောပါတယ်။
"နိုင်ငံတော် သမ္မတ ဆိုတဲ့ နိုင်ငံရဲ့ အမှတ်စဉ် ၁ ဆိုတဲ့ ပုဂ္ဂိုလ်ကတောင် ကိုယ်စားလှယ် ခန့်ခွင့်မရှိဘူး၊ အမှတ်စဉ် ၈ ဆိုတဲ့ ပုဂ္ဂိုလ်က ကိုယ်စားလှယ် တစ်သီကြီး တန်းခန့်ခွင့်ရှိတယ်၊ ဘယ်မှာလည်း တရားမျှတမှု၊ ဘယ်မှာလည်း ညီမျှခြင်း၊ ဘာလို့ပြင်ချင်လည်းဆို၊ အဲ့ဒါကြောင့် ပြင်ချင်တာပဲ"
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း ၁ မှာပါတဲ့ နိုင်ငံတော်ရဲ့ အခြေခံရမယ့်မူ ၄၈ ချက်ကိုမထိပဲပြင်ဖို့ တပ်မတော်ဘက်က ပြောထားတာနဲ့ပတ်သက်ပြီး ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ခေါင်းဆောင် ဦးမြအေးက အခုလို ပြောပါတယ်။
"၂၀၀၈ ဖွဲ့စည်းပုံရဲ့ အခန်း ၁ နိုင်ငံတော်ရဲ့ အခြေခံရမည့် မူ ၄၈ ချက်ရဲ့ အနှစ်သာရကို မထိပါနဲ့လို့ ပြောကြပြန်ပါတယ်၊ မထိချင်ပါဘူး၊ ဒါပေမဲ့ အဲဒါကိုမထိပဲနဲ့ တိုင်းပြည်ရဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံကို ဘယ်လိုလုပ် ရေးဆွဲရမှာလည်း၊ ကျွန်တော်တို့ အမြင်ကျယ်ပါ အမြဲတမ်းပဲ ဗိုလ်ကြ စိုးမိုးမယ်ဆိုတဲ့ခေတ် ကမ္ဘာမှာလည်း ကုန်ပြီ မြန်မာမှာလည်း ကုန်ကို ကုန်စေရမယ်လို့ပြောမယ်"
တောင်ဒဂုံက ရောက်ရှိလာတဲ့ ကိုကိုဦးကလည်း ပြည်သူတစ်ယောက်ချင်းစီက ပြင်ချင်တာကို ပြသတဲ့အနေနဲ့ ရောက်ရှိလာတာလို့ပြောပါတယ်။
"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်ဆိုတဲ့ အသိစိတ် ပြည်သူတစ်ယောက်ချင်းစီမှာ ရှိရမယ်ဆိုတဲ့ အသိစိတ်နဲ့လာတာပါ၊ ကျွန်တော်တို့ အတွက်တော့ မပါတော့ဘူးပေါ့၊ ကျွန်တော်တို့ နောက်မွေးမယ့် မျိုးဆက်တွေအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ရမှ ကျွန်တော်တို့ နိုင်ငံရဲ့ အသက်ဖြစ်နေတာကို"
မရမ်းကုန်းမြို့နယ်က မပပကလည်း ဒီပွဲကို လာရောက်ပူးပေါင်းခဲ့တဲ့အပေါ် အခုလို ပြောပါတယ်။
"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စပြီးတော့ ရေးဆွဲခဲ့စဉ်ထဲက မထောက်ခံခဲ့ဘူး၊ ဒါပေမဲ့ အဲဒီထဲကလည်း ပြင်ချင်တယ်၊ အခု ပြင်ဖို့အတွက် လှုံ့ဆော်တဲ့အခါမှာလည်း တစ်တပ်တစ်အားအနေနဲ့ ပြင်သင့်တဲ့ဟာမို့ ပူးပေါင်းပါဝင်တာပါ"
မင်္ဂလာဒုံက ရောက်ရှိလာတဲ့ ပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။
"ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေက ပြင်ဆင်ရမယ့် အနေအထားရှိတယ်၊ ဘာကြောင့်လည်းဆိုတော့ မတရားလုပ်ထားတာကို အဲဒါကို မကြိုက်ဘူး၊ မကြိုက်လို့ ပြင်မယ်၊ တိုင်းပြည် သိပ်ကောင်းသွားမယ်၊ အခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အနေအထားရောက်သွားမယ်"
တောင်ဒဂုံက ရောက်ရှိလာတဲ့ ဦးစိုးကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒဟာ လူတစ်စု အကျိုးစီးပွားအတွက် ရေးဆွဲထားတာဖြစ်လို့ ပြင်ဆင်ရမှာဖြစ်လို့ အခုပွဲကိုရောက်ရှိလာတာလို့ ပြောပါတယ်။
"ဥပဒေ ပညာရှင်တော့ မဟုတ်ဘူး၊ သိသလောက် မြင်သလောက်ကို ကြည့်မယ်ဆိုရင် ဥပဒေက ညီတူမျှတူမရှိဘူး၊ တိုင်းပြည်မှာရှိတဲ့ ၅၄ သန်းသော ပြည်သူတွေအတွက်ကို ရေးဆွဲထားတာမဟုတ်ဘူး၊ လူတစ်စုအတွက်ကို ဦးစားပေးပြီးရေးဆွဲထားတဲ့ ဥပဒေဖြစ်နေတယ်၊ ဒါကြောင့် ဒီလို ထောက်ခံပွဲကို လာတာပါ၊ တရားဥပဒေပညာရှင်တွေ နိုင်ငံခေါင်းဆောင်တွေက ဘယ်ဟာတွေကို ပြင်မယ်ဆိုတာကို သူတို့ပြောပါလိမ့်မယ်၊ ကျွန်တော်တို့က ဘယ်ဟာတွေကို ပြင်ပါဆိုတာကို မပြောပါဘူး"
ဒီနေ့ ပွဲကို နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပြည်သူတွေ အပါအဝင် လူဦးရေ စုစုပေါင်း တထောင်နီးပါးလောက် တက်ရောက်ခဲ့ပါတယ်။
နိုင်ငံ့အနာဂတ်လှပရေး ၂၀၀၈ ခြေဥပြင်ဆင်ပေး၊ ပြည်သူ့အသံ လွှတ်တော်ထံ၊ ပြည်သူ့လိုအပ်ချက် ပြည်သူ့လိုအပ်ချက် ဖြည့်စွက်ပေး၊ ၂၀၀၈ ခြေဥပြင်ဆင်ဖို့ ပြည်သူအားလုံးတောင်းဆိုစို့ စတဲ့ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ ကိုသန့်ဇင်ဦး တို့ ပေးပို့လိုက်တာပါ။