အခြေခံဥပဒေ ပြင်ပေးရေး မိုးညှင်းမှာ တောင်းဆိုဆန္ဒပြ
2014.03.28

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ မိုးညှင်းမြိုခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အပြင် မြစ်ဆုံ စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းဖို့ကိုလည်း တောင်းဆိုခဲ့ ကြတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မိုးညှင်းခရိုင် NLD ပါတီက ကိုမင်းဆွေနိုင်က ပြောပါ တယ်။
"အဓိက ကျနော်တို့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေးရယ်၊ ငြိမ်းချမ်းရေး အမြန်ရရှိရေးရယ်၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးရယ်၊ ပုဒ်မ ၅၉(စ) ဖျက်သိမ်းဖို့ အဲဒါဦးစားပေးလုပ်တာပါ၊ အခြေခံ ဥပဒေကို လွှတ်တော်ထဲမှာ ပြင်ချင်တဲ့အင်အားစုက နည်းတဲ့အတွက်ကြောင့်မို့ လူထုကနေ စတင်ဖော် ထုတ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့စတာပါ"
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲကို ကချင်ပြည်နယ်မှာ ပထမဆုံးအကြိမ် ခွင့်ပြုမိန့်နဲ့ တရားဝင်ကျင်းပတာဖြစ်ပါတယ်။ ဒီနေ့ဆန္ဒပြပွဲကို နမ္မား၊ ဟိုပင်၊ မိုးကောင်း၊ ဖားကန့် စတဲ့ မြို့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ လူမှုအဖွဲ့အစည်းတွေအပါအဝင် ဒေသခံပြည်သူ နှစ်ရာ နီးပါးပါဝင်ခဲ့ပါတယ်။
အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာလည်း ဒီနေ့ကျင်းပခဲ့ပါတယ်။
ဒီအတောအတွင်း ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ သိမ်းဆည်းခံထားရတဲ့ မြေတွေပြန်ပေးဖို့ အတွက် ထောင်ဂဏန်းလောက်ရှိမယ့် ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြတောင်းဆိုတာဟာ စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေထဲက စစ်တပ်အသုံးမပြုဘဲ ပိုနေတဲ့ မြေတွေကို ပြန်ပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဒေသခံလယ်သမား ကိုအောင်မျိုးခန့်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က မိုးဗြဲမြို့နယ်မှာ လယ်မြေဧက ၇၀၀ ကျော်ကို ဒေသအခြေစိုက် ခမရ ၄၂၂ က နယ်မြေလုံခြုံရေး နဲ့ တပ်စခန်းလုံခြုံရေးအကြောင်းပြပြီး သိမ်းဆည်းခဲ့တာလို့သိရပါတယ်။ အဲဒီ လယ်မြေဧက ၇၀၀ ကျော်ကို မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်က ဒေသခံတွေ ပိုင်ဆိုတာလို့ သိရပါတယ်။ ခမရ ၄၂၂ က လယ်မြေ အားလုံးကို အသုံးမပြုပဲ ပြည်သူ့စစ်နဲ့ အစိုးရဌာနဆိုင်ရာတွေကို ပြန်လည် အငှားချထားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
အဲ့ဒီလယ်ယာမြေတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် နိုင်ငံတော်သမ္မတရုံးအထိ စာရေးသားတင်ပြခဲ့ပေမဲ့ ဖြေရှင်းပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။