ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူ့ အသံ လွှတ်တော်နာခံဖို့ ၈၈ ငြိမ်းပွင့် တိုက်တွန်း
2014.05.25

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင် ဆင်ရေးအတွက် တောင်းဆိုကြတဲ့ ပြည်သူတွေရဲ့ အသံကို ဆုံးဖြတ်ပေးရေးဟာ လွှတ်တော်ရဲ့ တာဝန်ဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နဲ့ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့မှာ ဒီကနေ့ကျင်းပခဲ့တဲ့ လူထုဟောပြောပွဲ မှာ ပြောကြားခဲ့ကြတာပါ။
၈၈ အဖွဲ့က ဦးကိုကိုကြီးက ပြည်သူတွေရဲ့ ဆန္ဒကို လွှတ်တော်က အရေးယူဆောင်ရွက်ပေးဖို့ အခုလို ပြော ကြားခဲ့ပါတယ်။
"လွှတ်တော်ဥက္ကဌကြီးကပြောပါတယ် ပြည့်သူ့အသံ လွှတ်တော်အသံ၊ပြည့်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ အဲ့ဒီတော့ ဒီနေ့ကျနော်တို့ ဒီလိုနယ်အသီးသီးမှာ စုဝေးဟောပြောနေတာတွေအားလုံးဟာ ပြည်သူတွေရဲ့ အသံကိုဖော်ထုတ်နေတာဖြစ်ပါတယ် ၊အဲ့ဒီပြည်သူတွေရဲ့အသံကို လွှတ်တော်အသံဖြစ်အောင် ဆုံးဖြတ်ပေးဖို့ဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဖြစ်ပါတယ်၊အဲ့ဒီပြည်သူတွေရဲ့ ဆန္ဒကို လွှတ်တော်ဆန္ဒဖြစ်လာအောင် ဆုံးဖြတ်ပေးရမဲ့တာဝန်သည် လွတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဖြစ်တယ်"
ဒါ့အပြင် ဖွဲ့စည်းပုံပါပြဌာန်းချက်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% ကျော် ရမယ်လို့ ဖေါ်ပြထားတာဟာ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်က ၇၅%သာ ရှိတာကြောင့်၊ လက်တွေ့မကျကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဟင်္သာတမြို့ လူထုဟောပြောပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့အပြင် အန်အယ်လ်ဒီ ဟင်္သာတခရိုင် နဲ့ဧရာဝတီတိုင်းဒေသကြီးက တာဝန်ရှိသူ တွေကလည်း ဘာကြောင့် ပုဒ်မ ၄၃၆ကိုပြင်ဆင်သင့်သလဲဆိုတာတွေကို ရှင်းပြခဲ့ကြပါတယ်။
ဟောပြောပွဲကို လူထုပရိသတ် ၂ ထောင်နီးပါးတက်ရောက်ခဲ့ကြပါတယ်။
ဟင်္သာတမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ကို ပြင်ဆင်ရေး လူထုဟောပြောပွဲ နဲ့ ပတ်သက်ပြီး အာအက်ဖ်အေ သတင်းထောက် ကိုကျော်သူက ကောက်နှုတ်တင်ပြထားပါတယ်။