တိုင်ကြားစာတွေကို သမ္မတရုံး တိုင်ကြားစာဌာနကိုသာပေးဖို့ ပန်ကြားချက်ထုတ်


2018.08.15
dassk-pakokku-622 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပခုက္ကူမြို့နယ်၊ ချောက်ကန်ရွာမှာ ၂၀၁၈ သြဂုတ် ၉ ရက်နေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို သွားရောက်ခဲ့စဉ်
Photo: Htet Arkar/ RFA

နိုင်ငံတော် အကြီးအကဲတွေရဲ့ ခရီးစဉ်တွေမှာ နစ်နာချက်တွေ၊ တိုင်ကြားစာတွေ ပေးဖို့ ကြိုးစားတာတွေဟာ လုံခြုံရေးကို ထိခိုက်စေတာကြောင့် တိုက်ရိုက်မပေးဖို့ နိုင်ငံတော် သမ္မတရုံးက ဒီနေ့ရက်စွဲနဲ့ ပြည်သူတွေကို ပန်ကြားချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူတွေကပေးပို့တဲ့ တင်ပြစာတွေ၊ တိုင်ကြားစာတွေကို နိုင်ငံတော်သမ္မတရုံး တိုင်ကြားစာဌာနက လက်ခံပြီး ခိုင်လုံတဲ့စာတွေကိုစိစစ်ကာ သက်ဆိုင်ရာဌာနတွေကို ပေးပို့ဆောင်ရွက်ပြီး ဆောင်ရွက်ချက်တွေကို နိုင်ငံတော် အကြီးကဲတွေဆီ ပေးပို့တာတွေ လုပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

နိုင်ငံတော်အကြီးအကဲ ခရီးစဉ်တွေမှာ နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးထားတဲ့ တိုင်ကြားစာအဖွဲ့က ပြည်သူတွေ တင်ပြလိုတဲ့ စာတွေ၊ တင်ပြချက်တွေကို ပျောက်ပျက်မှုမရှိဘဲ စနစ်တကျလက်ခံကာ နိုင်ငံတော်အကြီးကဲတွေထံ တင်ပြပေးဖို့ စီစဉ်ထားတယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့လက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘားအံ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ကြည့်ရှုရာမှာ လုံခြုံရေးတွေက တားတဲ့ကြားကနေ  ပြည်သူတစ်ဦးက စာပေးခဲ့တာနဲ့  အလားတူ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း  ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့က မဟာမုနိဘုရားသွားရောက်ဖူးမျှော်ရာမှာ ပြည်သူ တစ်ယောက်က တိုင်စာ ပစ်ပေးတာတွေ ရှိခဲ့ပြီး လုံခြုံရေးအတွက် စိုးရိမ်ရတယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။