တစ်လအတွင်း တိုင်ကြားစာ ၂ ထောင်နီးပါး အစိုးရသစ် ရရှိ
2016.05.31

အစိုးရသစ် တာဝန်လွဲှပြောင်းရယူပြီး တစ်လအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ တင်ပြစာ နှစ်ထောင်နီးပါး လက်ခံရရှိထားကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
တိကျခိုင်လုံမှုမရှိတဲ့ စာတွေကို ဆောင်ရွက်ဖို့ မလိုတဲ့စာတွေအဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ လိုတာတွေကိုတော့ လွဲှပြောင်းပေးထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
"စာရွက်စာတမ်းအထောက်အထားတင်ပြတဲ့ စာပါအကြောင်းအရာပေါ့နော် အဲ့ဒါနဲ့ပတ်သက်တဲ့ အထောက်အထားတွေ စိစစ်တယ်၊ ပြီးတော့ကျတော့လည်း လိပ်မူပြီး တိုင်ကြားတာမျိုး မဟုတ်ဘူး၊ ကျန်တဲ့ ခိုင်လုံတဲ့နစ်နာချက်တွေ တိုင်ကြားတဲ့အခါဆိုရင်တော့ သူတို့သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်စေ အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်စေ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်တွေပြန်ပြီးမေးမြန်းတယ်၊ အဲ့လိုလုပ်ပြီဆိုတာနဲ့ တစ်ပြိုင်တည်း ကျနော်တို့က အရေးယူတော့မယ်ဆိုရင် ကာယကံရှင်ဆီကို လက်ခံရရှိကြောင်း ပြန်ကြားရတယ်၊ ဌာနဆိုင်ရာတွေ အစိုးရအဖွဲ့အစည်းတွေကို မေးမြန်းပြီးတော့ သူတို့ရဲ့တင်ပြချက်တွေကို လူကြီးတွေက ဆုံးဖြတ်ချက်လုပ်တာပေါ့နော်၊ အဲ့ဒီဆုံးဖြတ်ချက်တွေ ကျလာပြီဆိုရင် သူတို့ရဲ့ဆောင်ရွက်ထားရှိမှုတွေကို ကာယကံရှင်တွေဆီကို ထပ်မံအကြောင်းရတယ်"
တိုင်ကြားစာအများစုဟာ အစိုးရဟောင်းလက်ထက်က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို တိုင်ကြားတာဖြစ်ပြီး အသနားခံစာနဲ့ အကြံပြုစာတွေလည်း ပါဝင်ပါတယ်။
လက်ရှိမှာ တိုင်ကြားစာပေါင်း ၇၀ ကျော်ကို ဖြေရှင်းပေးထား ပြီး ပေးပို့လာသူတွေထံကိုလည်း အကြောင်းပြန် ထားတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။
တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာ တိုင်းနဲ့ ခရိုင်အဆင့်အလိုက် တာဝန်ရှိသူတွေထံ အရင်တင်ပြပြီးနောက် မပြေလည်မှသာ နိုင်ငံတော်အဆင့်ကို တင်ပြပေးကြဖို့လည်း ဦးဇော်ဌေး က ပြောပါတယ်။