ဝင်ရောက် ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် အရေအတွက် ပါတီတွေ ပြောဆို
2015.07.12

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရှမ်းပြည်နယ်က မဲဆန္ဒနယ်မြေတွေအားလုံးနဲ့ မန္တလေးတိုင်း၊ ကယားနဲ့ ကချင်ပြည်နယ်တွေက မဲဆန္ဒ နယ် ၁၆၀ လောက်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ SNLD ပါတီက ပြောပါတယ်။
ကိုယ်စားလှယ်လောင်းတွေကို ပါတီဗဟိုဌာနချုပ်က ရွေးချယ်မှာမဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ်ပါတီဝင်တွေက ရွေးချယ် လိုက်တဲ့ သူတွေကိုပဲ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ SNLD ပါတီဥက္ကဌ ဦးခွန်ထွန်းဦး က ပြောပါတယ်။
"အားလုံး ကျနော်တို့ပြင်ဆင်ထားပါတယ်၊ ကျနော်တို့ကအခုဆိုရင် နေရာပေါင်း ၁၆၀ လောက်ဝင်ပြိုင်မယ်၊ ရှမ်းပြည်တစ်ပြည်လုံးပြိုင်မယ်ပေါ့ဗျာ၊ ရှမ်းပြည်ရယ်၊ ကယားရယ်၊ မန္တလေးတိုင်းရယ်၊ ကချင်ပြည်နယ်ရယ် ကျနော်တို့ဝင်ပြိုင်မယ်၊ ကိုယ်စားလှယ်ကတော့ ၁၆၀ လောက်ရှိမယ်"
လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပတဲ့ ပါတီဗဟို ကော်မတီအစည်းအဝေးမှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် အပြီးသတ်ဆုံးဖြတ် သွားမှာ ဖြစ်ပါတယ်။ ပါတီဥက္ကဌ ဦးခွန်ထွန်းဦးကတော့ ရှမ်းပြည် နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ ဝင်ရောက်အရွေးခံဖို့ လျာထားတယ်လို့ ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြီးရင် ဒုတိယမဲအများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေကို မဝင်ခဲ့ပါဘူး။
ကရင်ပြည်သူ့ပါတီ KPP ကတော့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်က မဲဆန္ဒနယ်မြေတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၁၁၀ ကျော် ရွေးချယ်ထားပြီးပြီလို့ ပြောပါတယ်။တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကရင်တိုင်းရင်း သားရေးရာဝန်ကြီး ၅ ဦး ရနိုင်ဖို့ အဓိကထားယှဉ် ပြိုင်မယ်လို့ ကရင်ပြည်သူ့ ပါတီ အထွေထွေ အတွင်းရေးမှူး စောစေးဝါး က ပြောပါတယ်။
"၁၁၀ ကျော်ရွေးထားတယ်၊ စည်းရုံးရေးအပိုင်းမှာတော့ တတ်နိုင်သလောက် ပါတီအနေနဲ့ ကူညီမယ်၊ တစ်ယောက်ကို အနည်းဆုံး ၂ သိန်း၊ ၃ သိန်းဘဲ ကူညီနိုင် မယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ၅ နေရာကို အဓိကထားပြီး ဝင်ပြိုင်မယ်၊ ဒေသလိုအပ်ချက် ပေါ်မှာ မူတည်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ဖြည့် ဆည်းပေးရမှာပေါ့၊ ပြည်သူလူထုကို"
ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ကိုယ်တိုင်ကျ ခံရမှာဖြစ်ပြီး ပါတီအနေနဲ့ အနည်းငယ်လောက်ပဲ ပံ့ပိုးပေးနိုင်မှာဖြစ်တယ် လို့လည်း ပြောပါတယ်။
ကရင်ပြည်သူ့ပါတီကို ၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၆ နေရာကနေ ရွေးချယ်ခံခဲ့ရပါတယ်။
ပါတီရဲ့ အားအကောင်းဆုံးနေရာဟာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး မြန်မာ တစ်နိုင်ငံလုံးမှာ ပါတီဝင် အရေအတွက် တစ်သိန်းကျော်ရှိတယ်လို့ ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ်ကလည်း ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ကိုကိုးကျွန်းမြို့နယ် အပါအဝင် မြို့နယ် ၁၂ ခုမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။
ကိုကိုးကျွန်းမြို့နယ်ဟာ လက်ရှိအချိန်အထိ ပြည်ခိုင်ဖြိုးပါတီတစ်ခုတည်းက ပြိုင်ဖက်မရှိဖြစ်နေတာမို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာလို့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် က ပြောပါတယ်။
"အနည်းဆုံးတော့ မြို့နယ် တစ်ဒါဇင်လောက်မှာ ရန်ကုန်တိုင်းမှာ အပြည့်သော်လည်းကောင်း၊ တိုင်းလွှတ်တော်ကိုယ် စားလှယ်သော်လည်းကောင်း ဝင်ပြိုင် ဖို့ ပြင်ဆင်ပြီးသားပါ၊ ကိုကိုးကျွန်းကတော့ ကျနော်တို့ရရှိတဲ့သတင်းအချက် အလက်အရ ကိုကိုးကျွန်းက ပြည်ခိုင်ဖြိုးပါတီတစ်ခုတည်း ယှဉ်ပြိုင်ဖို့ ဖြစ်သွားနိုင်တယ်၊ အဲ့ဒါကြောင့် ကျနော်တို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်နေရာမှာတော့ ကျနော်တို့ဆီက လူငယ်တွေ အသက် ၃၀ တောင်မပြည့်သေးဘူး ထင်တယ်၊ သူ့ကို လွှတ်ပြီး ကျနော်ပြိုင်ခိုင်းဖို့ ကျနော်စီစဉ်ထားပါတယ်"
ရန်ကုန်တိုင်းအတွင်းက သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့မြို့နယ်တွေမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် သုံးနေရာစလုံး အတွက် ဝင်ရောက် ယှဉ်ပြိုင် သွားမှာ ဖြစ်သလို ကမာရွတ်၊ လှိုင်၊ ကိုကိုးကျွန်း စတဲ့မြို့နယ်တွေမှာတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဦးသိန်းညွန့်ဟာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာကပဲ ထပ်မံယှဉ်ပြိုင်သွားမှာဖြစ် ပါတယ်။
အမျိုးသားဒီမိုကရေစီပါတီသစ်ဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်သူ့လွှတ်တော် ၊ အမျိုးသား လွှတ်တော်နဲ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် ကိုယ်စားလှယ် ၄ ဦး အရွေးချယ်ခံခဲ့ရပါတယ်။
CRPP အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်း ခဲ့တာ နားဆင်နိုင်ပါတယ်။