လက်ကျန်နိုင်ငံရေး အကျဉ်းသား ၄၄ ဦး လွတ်မြောက်ရေး တင်ပြမည်


2013.12.07
lpt-activites-305.jpg ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို ပုဒ်မ ၁၈ နဲ့ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၁ ရက်နေ့က ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့ပါတယ်။
photo: RFA/ Kya Htoon Naing

လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီရဲ့ စာရင်းအရ မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား ၄၄ ဦး ကျန်ရှိနေပြီး အဲဒီစာရင်း အတိုင်း ဒီဇင်ဘာလ မကုန်ခင် နိုင်ငံတော်သမ္မတဆီ တင်ပြမယ်လို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်းကို ဆွေးနွေးရာမှာ ၄၄ ဦးကျန်ရှိနေကြောင်း စိစစ်ရေး ကော်မတီဝင် ကိုရဲအောင်က ပြောပါတယ်။

“အကျဉ်းသား ၄၄ ယောက်နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ ကျနော်တို့အနေနဲ့ တချို့ရာဇဝတ်မှုတွေ ပါတဲ့သူတွေ၊ လူသတ်မှုပါတယ်ဗျာ၊ မုဒိန်းမှုပါတယ်ဗျာ၊ နောက် စစ်တပ်ရဲ့ တပ်မတော် အက်ဥပဒေတွေနဲ့ ငြိနေတဲ့လူတွေ ပါပါတယ်ဗျ၊ ကျနော်တို့က အကြောင်းအရာနှစ်ခုရှိပါတယ်၊ တစ်ခုက စိစစ်တယ်ဆိုတဲ့နေရာမှာ ဒီပုဒ်မတွေကို တကယ်ကျူးလွန် မကျူးလွန်ပေါ့ဗျာ၊ နောက်ပြီးတော့ တကယ်ကျူးလွန်ရင်ကော ဘယ်လိုလုပ်မလဲဆိုတာကို ထပ်ပြီးတော့ ဆွေးနွေးမှာဖြစ်ပါ တယ်၊ နောက်ပြီးတော့မှ ထောင်ထဲမှာ နှစ်ရှည်လများကျနေတဲ့ လူတွေအတွက်ကိုလည်း လူသားချင်း စာနာသောအားဖြင့်ပေါ့ တစ်ခုခုလုပ်ပေးဖို့ဆိုတာ မေတ္တာရပ်ခံတဲ့ ကော်မတီရဲ့ စာတစ်စောင်ကိုလည်း ရေးဖို့ကျနော်တို့ စဉ်းစားကြပါတယ်”

အဲဒီ ၄၄ ဦးထဲမှာ တရားရုံးတွေက အမိန့်ချပြီးသား လူပုဂ္ဂိုလ်တွေသာပါဝင်ပြီး အမှုစစ်ဆေးဆဲ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ မပါဘူးလို့ ဆိုပါတယ်။ နိုင်ငံတော်သမ္မတထံ တင်ပြမယ့် အခုစာရင်းထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပုဒ်မ ၁၈ တရားမဝင် စီတန်းလှည့်လည်မှုနဲ့ အဖမ်းခံထားရတဲ့ တကသ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဒီငြိမ်းလင်းနဲ့ လူငယ်အဖွဲ့အစည်းက ဆန္ဒပြသူတွေ ပါဝင်ပါတယ်။

နိုင်ငံရေး အကျဉ်းသူဟောင်း နော်အုန်းလှနဲ့ နတ္တလင်း အကျဉ်းထောင်မှာရှိနေတဲ့ မိတ္တီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေးနဲ့ နှစ်ဦးကတော့ အခုစာရင်းထဲမှာ မပါသေးကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက စိစစ်တင်ပြတဲ့ နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို လွှတ်ပေးခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက် ၁၃ ကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးမယ်လို့ ကတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။