အခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီ အကြံပြုချက် အစီရင်ခံစာ တင်သွင်း
2014.01.31

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီက လက်ခံရရှိတဲ့ အကြံပြုချက် အစီရင်ခံစာကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းရာမှာ အခြေခံဥပဒေထဲက ပုဒ်မတစ်ချို့ကို မပြင်ဆင်ဘဲ လက်ရှိအတိုင်းဆက်လက်ထားဖို့ လူပုဂ္ဂိုလ် တစ်သိန်းခြောက်ထောင်ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး တင်ခဲ့တယ် လို့ ကော်မတီရဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အဲဒီအထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ဆိုင်ရာ ပုဒ်မ ၄၃၆ ကိုလည်း ဒီအတိုင်းဆက်လက် ထားဖို့ ပါရှိပါတယ်။ အဲဒီပုဒ်မကိုတောင် မပြင်ရဘူးဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ လုံးဝဖြစ်လာမှာမဟုတ်ဘူးလို့ ပြည်ခိုင်ဖြိုး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောပါတယ်။
“အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကိုလေ ဒါနဲ့ပတ်သက်ပြီးတော့မှ တစ်သိန်းခြောက်ထောင်ဆိုသော လူပုဂ္ဂိုလ်တွေက မပြင်ပါနဲ့ မထိပါနဲ့လို့ အကြံပြုတယ်လို့ အပြင်ဥပဒေစိစစ်ရေး တစ်ဦးကနေပြီးတော့မှ ပူးပေါင်းကော်မတီကို တင်ပြခဲ့ပါတယ်၊ သူ့တင်ပြချက်အတိုင်းပဲ ဒါကိုပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်၊ တစ်သိန်းကျော်က နာမည်ရေးတယ် လက်မှတ်ရေးထိုးတယ်ပေါ့၊ လွှတ်တော်ကတော့ ခိုင်မာမှု မသေချာဘူးလို့ပဲ ပြောပါရစေ”
မပြင်ဆင်ဘဲ ဒီအတိုင်းဆက်လက်ထားဖို့ အကြံပြုထားတဲ့ ပုဒ်မတွေကတော့ အမျိုးသားနိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ဖော်ပြတဲ့ ပုဒ်မ ၆ (စ) ၊ နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ)၊ ဖွဲ့စည်းပုံကိုပြင်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% ကျော်ရှိရမယ်၊ ပြည်လုံးကျွတ် ဆန္ဒခံယူရမယ်လို့ သတ်မှတ်ထားတဲ့ပုဒ်မ စတာတွေ ပါဝင်ပါတယ်။
ကော်မတီက တင်ပြတဲ့အစီရင်ခံစာထဲမှာ ပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုချက်တွေကို တင်ပြတဲ့စာပေါင်း နှစ်သောင်းရှစ်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီက ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့တင်သွင်းလိုက်တဲ့ အကြံပြုချက်အစီရင်ခံစာနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုချက်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်သလို လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ဆက်ဆွေးနွေးနိုင်ဖို့အတွက် မကြာခင်ရက်ပိုင်းအတွင်း နောက်ထပ်အဖွဲ့တစ်ခု ထပ်မံဖွဲ့စည်းဖို့လည်းရှိပါတယ်။
ဒီအကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။