ချင်းတိုင်းရင်းသား နှစ်ပါတီ ပူးပေါင်းမည်

ချင်းအမျိုးသားပါတီ (CNP) နဲ့ ချင်းတိုးတက်ရေးပါတီ (CPP) တို့ ပူးပေါင်းပြီး ချင်းအမျိုးသား တိုးတက်ရေးပါတီ (Chin National progressive Party, CNPP) ထူထောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ သိရပါတယ်။

2012.10.08

အခုလို ပါတီနှစ်ခု ပေါင်းစည်းနိုင်ဖို့ အတွက်  မနေ့က ပြုလုပ်တဲ့ ချင်းတိုးတက်ရေးပါတီ CPP ရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်ချက် ချလိုက်တဲ့အကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ အထွေထွေ အတွင်းရေးမှူး(၂) ဦးရှိန်းထွန်းက အခုလို ပြောပါတယ်။

“မနေ့က လုပ်တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ကြတယ်ပေါ့နော်၊ အဓိက CNP ကနေလှမ်းပြီး ကမ်းလှမ်းတာကတော့ ကြာပြီ။ ကျွန်တော်တို့ အတွင်းထဲမှာ ဆွေးနွေးစရာလေးတွေ အချက်တွေ၊ စုဆောင်းပြီးတော့မှ အချက် (၉) ချက်နဲ့ မနေ့ကတင်ပြီးတော့မှ ကျွန်တော်တို့ CNP ကို အကြောင်း ပြန်ထားပါတယ်။”

ဒီအချက် (၉) ချက်ထဲက  အရေးအကြီးဆုံး အချက်အနေနဲ့ CNP ပါတီဟာ (၉) မြို့နယ်ကို ကိုယ်စားပြုတဲ့  ပြည်နယ် ပါတီအဆင့် မှတ်ပုံတင်ထားတဲ့အတွက် ဒီပါတီကို တရားဝင် ဖျက်သိမ်းပြီး၊ တနိုင်ငံလုံးဆိုင်ရာ National level အဖြစ် မှတ်ပုံတင်ထားတဲ့ CPP ပါတီနဲ့ ပူးပေါင်းကာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ CNPP ပါတီကို ထူထောင်တဲ့သဘော ဖြစ်တယ်လို့လည်း ဦးရှိန်းထွန်းက ပြောပါတယ်။

“CNP ကို ဖျက်သိမ်းပြီးတော့မှ CNPP ဆိုတဲ့ အမည်နာမအောက်ထဲ ပူးပေါင်းဖို့ အဲဒါ အချက်တချက်ပါတယ်။ နောက်ဒုတိယအချက် အရေးအကြီးဆုံးမှာကတော့ CNP က ပူးပေါင်းရေး ကော်မတီက ကြားကာလမှာ ပူးပေါင်းရေး ကော်မတီဖွဲ့မယ်ပေါ့နော်။ အဲဒီပူးပေါင်းရေး ကော်မတီ ဖွဲ့တဲ့ သက်တမ်းက တနှစ်ဖြစ်မယ်။ နာယက အနေနဲ့က CNP ကကူမယ်။  CPP ကပူးပေါင်းရေး ကော်မတီ ဥက္ကဋ္ဌ အနေနဲ့ယူမယ်၊ အတွင်းရေးမှူးနေရာက CNP ကယူမယ် ဆိုတာက နံပါတ်(၂) အချက် အဓိက အချက်ပေါ့နော်။”

ဒီလိုစတင် အကောင်အထည်ဖော်ဖို့ အတွက် ညီလာခံတရပ် ခေါ်ယူ ဖွဲ့စည်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။