ရခိုင်ပြည်နယ် အခြေအနေ အမေရိကန်အစိုးရ စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်

ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို အမေရိကန်အစိုးရအနေနဲ့ အလွန်စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

2012.06.11
hilary-clinton-sittwe-riot-b305 ရခိုင်ပြည်နယ်တွင်း ပဋိပက္ခနှင့်ပတ်သက်၍ အမေရိကန်အစိုးရ၏ သဘောထားကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ၂၀၁၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်နေစဉ်။
Photo courtesy of state Department

အခြေအနေတွေကို သက်ဆိုင်သူအားလုံး ပူးပေါင်းဖြေရှင်းဖို့ နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောပါတယ်။

ငြိမ်းချမ်းတဲ့အဖြေရနိုင်ဖို့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ လိုသလို တရားဥပဒေစိုးမိုးရေးကို လေးစားတဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို မြန်ဆန်ထိရောက်စွာ၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်လို့ အမေရိကန်အရာရှိကပြောဆိုခဲ့ပါတယ်။

အလားတူ ဥရောပသမဂ္ဂ အီးယူကလည်း လက်ရှိပဋိပက္ခတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံကို ကျေနပ်မိကြောင်း အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲရုံးရဲ့ပြောခွင့်ရအမျိုးသမီးက ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေတွေဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိခိုက်မယ်လို့ မယုံကြည်ကြောင်း၊ လုံခြုံရေးအာဏာပိုင်တွေအနေနဲ့ ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ အီးယူအနေနဲ့ ယုံကြည်ကြောင်းလည်း ပြောဆိုပါတယ်။

ဒီအတောအတွင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်ကလည်း သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်း ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေကြောင်း၊ ရခိုင်ပြည်နယ်တွင်း အရေးပေါ်အခြေအနေ ကြေညာထားတာဟာလည်း ရက်ပိုင်းလောက်သာ ကြာမှာဖြစ်ကြောင်း မလေးရှားနိုင်ငံက အစည်းအဝေးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။