အစိုးရထိုးစစ်ရပ်ဖို့ အဖွဲ့အစည်း ၈၀ ကျော် တောင်းဆို


2014.05.21
khon-ja-305.jpg ရန်ကုန်မြို့ လှည်းတန်းမြို့နယ် Community Response Group ရုံးခန်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သန်းခေါင် စာရင်း ကောက်ယူဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဒေါ်ခွန်ဂျာ ရှင်းလင်းနေစဉ်
photo: RFA/ Nay Myo Htun

ကချင်၊ ရှမ်းနဲ့ တအာင်း ပလောင်ဒေသတွေမှာ အစိုးရက စစ်ရေးပြင်ဆင်နေတာတွေနဲ့ စစ်အင်အားတိုးချဲ့နေ တာတွေကို ရပ်တန့်ပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၈၀ ကျော်က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်နေပေမဲ့  အဲဒီဒေ သတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် မြန်မာ့ တပ်မတော်က ထိုးစစ်ဆင်တာတွေ ရပ်တန့်ပေးဖို့လိုအပ် တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် ဒေါ်ခွန်ဂျာ က သူတို့ ကြေညာချက်နဲ့ ပတ်သက်ပြီး အခုလို ပြော ပါတယ်။

"ကချင်ဒေသရယ် တအာင်းပလောင် နယ်ခြားပြည်နယ်ရယ် အဲဒီနေရာတွေမှာ ထိုးစစ်ဖြစ် ပါတယ်၊ ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ အပစ်အခတ်ရပ်စဲ ရမှာဖြစ်ပါတယ်၊ အဓိကကတော့ လောလော ဆယ် မြန်မာနိုင်ငံမှာဆိုလို့ရှိရင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတားတဲ့ အဖွဲ့တွေလည်း အင်မတန်များပြီဖြစ်ပါတယ်၊ ဆက်ပြီးမှ အပစ်အခတ်ရပ်စဲရေး အတွက် ဆွေးနွေးနေတာဖြစ်ပါတယ်၊ သို့သော်လည်းပဲ တပ်မတော်က ထိုးစစ်ဆင်သရွေ့ ဘယ်သောအခါမှ တိုက်ပွဲငြိမ်းသွားမှာ မဟုတ်တဲ့အတွက် အမှန်တကယ် တိုက်ပွဲသံတိတ်ချင်တယ်ဆိုလို့ရှိရင် မြန်မာ့တပ်မတော်က ထိုးစစ်တွေကို ရပ်ပေးရပါမယ်"

ငြိမ်းချမ်းရေးဖေါ်ဆောင်နေရာမှာ အဓိကကျတဲ့ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တိုင်းရင်းသားအဖွဲ့တွေရဲ့ ကိုယ်စားဖွဲ့ထားတဲ့ NCCT တို့က စစ်ပွဲတွေထပ်မဖြစ်အောင် တာဝန်ယူဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် အမျိုးသမီးကိုယ်စားလှယ်တွေပါဝင်တဲ့ ဘက်မလိုက်တဲ့ အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ကိုလည်း အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ လက်ခံနိုင်တဲ့ အရပ်သားတွေနဲ့ ဖွဲ့စည်းဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ကို ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၊ ကရင်အမျိုးသမီးအဖွဲ့ ၊ ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက်၊ ရခိုင်လူငယ် ဖံ့ွဖြိုးတိုးတက်ရေး ရှေ့ဆောင်အဖွဲ့ စတဲ့ အဖွဲ့အစည်းပေါင်း ၈၀ ကျော်က ပူးပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။