ရဲတပ်ဖွဲ့ရဲ့ ဗစ်တိုးရီးယားအမှု ပြောဆိုချက် အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်
2019.12.22

ဒီဇင်ဘာ ၁၉ ရက်နေ့က ကျင်းပတဲ့ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဗစ်တိုးရီးယားကလေးငယ်ရဲ့ အမည်၊ မိခင်အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်တွေကို ရေးသားဖော်ပြထားတဲ့ အမှုဖွင့်တိုင်ကြားချက် အထောက်အထားကို ဓါတ်ပုံတွေနဲ့တစ်ကွ ဖော်ပြခဲ့ပါတယ်။
သတင်းမီဒီယာတွေက တိုက်ရိုက်ထုတ်လွှင့်ပြသချိန်မှာ အဲဒီအချက်အလက်တွေဟာ ဖော်ပြပါရှိသွားတာဖြစ်ပြီး ရဲဇာနည်ဖေ့ဘွတ် စာမျက်နှာမှာလည်း အဲဒီအချက်အလက်တွေကို ဖော်ပြထားခဲ့တာဖြစ်ပါတယ်။
ကလေးတွေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ လူတိုင်း ကိုယ်ကျင့်သီလ စာရိတ္တပိုင်းဆိုင်ရာ စောင့်ထိန်းရမယ့် ကိစ္စဖြစ်တယ်လို့ Equality Myanmar က ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။
“ကလေးတွေကို ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတာ လူတိုင်းရဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ အခုလို တရားဝင်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့အကြောင်းအရာတွေ ဖော်ထုတ်လိုက် တဲ့ကိစ္စက လူ့ကျင့်ဝတ်နဲ့ ပီသတဲ့သူဆို မလုပ်ဆောင်သင့်တဲ့ကိစ္စ၊ ဒါက ထိန်းသိမ်းရမယ့် ကာကွယ်ရမယ့်ကိစ္စ။ ဘယ်လောက်ထိ တရားဥပဒေနဲ့ ပတ်သက်လို့ သတင်းတိကျမှုအကျိုးရှိပေမယ့် ကလေးအပေါ်မှာ ထိခိုက်နိုင်တဲ့ဆိုးကျိုးက ပိုများတယ်။ ဒါက ပြော မယ်ဆိုရင် နိုင်ငံတကာ စာချုပ်မှာပါတဲ့ ကလေးအခွင့်အရေး ချိုး ဖောက်မှုကို ထိခိုက်တာဖြစ်တယ်၊ အဲဒီကိစ္စဖြစ်လာရင် သက်ဆိုင် ရာနိုင်ငံက လိုအပ်သလို ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။”
အဲဒီလိုရဲတပ်ဖွဲ့ရဲ့ ဖော်ပြချက်တွေအပေါ် ရှုတ်ချကြောင်းနဲ့ အစိုးရအဖွဲ့အနေနဲ့ အရေးယူပေးဖို့ မကွေးတိုင်းဒေသကြီးက မကွေးတိုင်း အမျိုးသမီးသမဂ္ဂ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (မကွေး)၊ မကွေးတိုင်းဒေသကြီးတောင်သူလယ်သမားသမဂ္ဂ၊ ရေစကြိုမြို့နယ် လူငယ်ကွန်ရက်၊ ပြည်သူ့လူမှုဘဝမြှင့်တင်ရေးအဖွဲ့ စတဲ့ အရပ်ဖက်အဖွဲ့အစည်း ၃၃ ဖွဲ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ကြေညာချက်ထုတ်ပြန်လိုက်တဲ့ မကွေးအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် ဦးမျိုးမြင့်ဦး က တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ပေးရတဲ့အဖွဲ့က ဒီလိုလုပ်တာဟာ ပြည်သူတွေနဲ့အဖွဲ့အစည်းကြား ယုံကြည်မှုပျောက်နေတာကို ပိုဆိုးလာစေတယ်လို့ပြောပါတယ်။
“တရားဥပဒေစိုးမိုးရေးကို ပြည်သူတွေအတွက် အဓိက ဖော်ဆောင်ပေးနေတဲ့အဖွဲ့အစည်းက ဒီလိုမျိုးဖြစ်တယ် ဆိုတာ ပြည်သူတွေအတွက် လုံခြုံစိတ်ချမှုမရှိဘူး၊ ယုံကြည်မှုပျောက်တယ်ဆိုတာတွေ ဖြစ်တယ်။ တိုင်းပြည် တည်ဆောက်ရေး ဒီမိုကရေစီထူထောင်တဲ့ အခါမှာလည်း အဟန့်အတားတွေဖြစ်တယ် လူထုပူးပေါင်းပါဝင်မှုနဲ့ လူထုနဲ့ အစိုးရကြားမှာလည်း ယုံကြည်မှုတွေ လျှော့ကျစေတယ်။”
တည်ဆဲကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အခန်း၂၅၊ ပုဒ်မ ၉၆ (ဃ) အရ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ ကလေးသူငယ်နဲ့ သက်သေအဖြစ်ပါဝင်တဲ့ ကလေးသူငယ်တို့ကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း မှုခင်းသတင်းအချက်အလက်ရယူတာ၊ ထည့်သွင်းကြေညာတာ၊ ကလေးငယ်ကိုဓါတ်ပုံရိုက်တာ၊ သတင်းစာ၊ မဂ္ဂဇင်းဂျာနယ်နဲ့စာအုပ်စာတမ်းတွေမှာ ထည့်သွင်းတာ၊ ဖြန့်ချီတာ၊ အသုံးပြုတာမလုပ်ရ သို့မဟုတ် ရေဒီယိုရုပ်မြင်သံကြား လူမှုဆက်သွယ်ရေးနည်းလမ်းတွေမှာ ထုတ်လွင့်ခြင်းမပြုရလို့ ပြဌာန်းထားတာဖြစ်ပါတယ်။
နိုင်ငံတကာစာချုပ်မှာပါတဲ့ ကလေးအခွင့်အရေး ချိုးဖောက်မှုကို ထိခိုက်တာဖြစ်တယ်
အဲဒီပြဌာန်းချက်ကို ရဲတပ်ဖွဲ့အရာရှိတွေနဲ့ ရဲဇာနည် ဖေ့စ်ဘွတ်စာမျက်နှာက ချိုးဖောက်ခဲ့တာလို့ ကြေညာချက်မှာထုတ်ပြန်ထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ဖော်ပြချက်ဟာ မတော်တဆလုပ်ရပ် မဟုတ် ကြောင်းနဲ့ ရဲတပ်ဖွဲ့အနေနဲ့ အဲဒီလုပ်ရပ်အပေါ် ပြည်သူကို တောင်းပန်သင့်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ ကိုမြတ်သူဟိန်း က ပြောပါတယ်။
“သူခိုးတို့ ဘာတို့တောင် မိပြီး မီဒီယာကနေ သတင်းစာက ဂျာနယ်က တင်ရင်တောင် မျက်နှာဖျက်ပြီး တင်ရတယ် ဒါလူ့အခွင့်အရေးပဲလေ၊ သူ့ရဲ့ ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်၊ အဲကျင့်ဝတ်ကို လိုက်နာရမယ်လေ။ ဒါကိစ္စကို ဒီလိုပြောလိုက်တယ်ဆိုတာက ကျင့်ဝတ်ကို လုံးဝချိုးဖောက်လိုက်တယ်လို့ပဲ ယူဆတယ်။ မထင်မှတ်ဘဲ ပြောထွက် သွားတယ်လို့ သတ်မှတ်လို့မရဘူး။ ရဲမှူးချုပ်အဆင့် လူကြီးတစ်ယောက်က ဒီလိုပြောထွက်တယ်ဆိုတာ အမှုမဲ့ အမှတ်မဲ့ ပြောထွက်တယ်လို့ ကျနော်က လက်မခံဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်တယ် တောင်းပန်သင့် တယ်ပေါ့။”
သတင်းစာရှင်းလင်းပွဲအပြီးမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ဖော်ပြောကြားချက်ကို မကျေနပ်တဲ့အကြောင်း လူမှုကွန်ယက် စာမျက်နှာပေါ် ပျံ့နှံလာခဲ့ပြီး ရဲတပ်ဖွဲ့ကို အရေးယူပေးဖို့ ပြောဆိုချက်တွေလည်း ရှိလာပါတယ်။
အဲဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။
အခုဖြစ်ရပ်ဟာ ရဲအရာရှိတွေ လုပ်တာဖြစ်လို့ တစ်ခြားပုဒ်မနဲ့ အရေးယူနိုင်ခြင်းမရှိဘဲ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ရဲစည်းကမ်ထိန်းသိမ်းရေး ဥပဒေအရဆိုရင် ပုဒ်မ ၂၂ အရ စနစ်တကျမရှိခြင်း (မိမိလုပ်ငန်းတာဝန်အပေါ် စနစ် တကျဆောင်ရွက်တာမရှိခြင်း)နဲ့ အရေးယူနိုင်ပြီး ပြစ်ဒဏ်ကတော့ အမျိုးမျိုးဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်း ကိုမြတ်သူဟိန်းက ပြောပါတယ်။
မနက်ဖြန် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှုတိုက်ပွဲဆိုပြီး ရန်ကုန်မြို့၊ ဗန္ဓုလပန်းခြံမှာ လူစုဆန္ဒပြဖို့ စီစဉ်နေကြပြီး မန္တလေးမြို့မှာ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဆန္ဒပြသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။