ခန္တီးမှာ ချင်းတွင်းမြစ် စိုးရိမ်ရေ မှတ်ကျော်
2016.07.23

ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်း ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ်ထက်နှစ်ပေကျော်ကို ရောက်ရှိနေပြီး ခန္တီးမြို့ ရပ်ကွက် ၂ ခုလောက်က မြေနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တွေ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခန္တီးမြို့ မင်္ဂလာဈေးရပ်ကွက်၊ ပေါမိုင်းရပ်ကွက်နဲ့ မြို့မ ရပ်ကွက်က အိမ်ခြေတချို့ ရေမြုပ်နေပြီး အခုလိုရေမြုပ်တာ တစ်လအတွင်း ၃ ကြိမ်ရှိပြီလို့ ဒေသခံ ဦးအုန်းလွင်က ပြောပါတယ်။
"ကျနော်တို့အနိမ့်ပိုင်းက လူတွေကတော့ရေဝင်နေပြီပေါ့နော်၊ ခန္တီးမြို့ မင်္ဂလာဈေးခေါ်တာပေါ့ဗျာ၊ ဈေး ကလည်းတစ်မြို့လုံးမှာ တစ်ဈေးပဲရှိတယ်၊ ဈေးသူ၊ ဈေးသားတွေလည်း ပစ္စည်းတွေဟိုရွှေ့ကျ၊ ဒီရွှေ့ကျနဲ့ ရပ်ကွက်နာမည်နဲ့ ဆိုရင်တော့နှစ်ခုဖြစ်မှာ၊ ပေါမိုင်းရပ်ကွက်နဲ့ မြို့မ ရပ်ကွက်၊ ခါတိုင်းဆိုရင်တော့ အနိမ့်ပိုင်းလေးတွေကို မြစ်ရေနည်းနည်းပါးပါးဝင်တာပဲ၊ အခုလိုခဏ၊ ခဏဝင်ပြီး၊ ခဏ၊ ခဏပြေးရ တာတော့ ဒီနှစ်ကအဆိုးဆုံးပဲ၊ တစ်လအတွင်းကို ပြေးရလွှားရတာ ၃ ခါလောက်ရှိပြီ"
အလားတူ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်း မော်လိုက်၊ ဟုမ္မလင်း၊ ကလေးဝမြို့နယ်တွေ မှာ ရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်။
ငဝန်မြစ်ရေဟာ ဧရာဝတီတိုင်းအတွင်း စိုးရိမ်ရေမှတ်ထက် တစ်ပေကျော်မြင့်တက်နေပြီး ငသိုင်းချောင်းမြို့နယ်ရဲ့ တာရိုးပြင်ပမှာ နေထိုင်သူတွေရဲ့ နေအိမ်တွေရေကြီးနစ်မြုပ်နေပြီ ဖြစ်ပါတယ်။
အဲ့ဒီလို တာရိုးပြင်ပမှာ နှစ်စဉ် ရေမြုပ်နေတာဖြစ်ပြီး အဲ့ဒီနေရာတွေမှာ ယာလုပ်ကိုင်သူတွေ နေထိုင်ကြတာဖြစ် တယ်လို့ ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွှန့်က ပြောပါတယ်။
ငသိုင်းချောင်းမြို့နယ်တွင်း ငဝန်မြစ်ရေရဲ့ စိုးရိမ်ရေမှတ်ကို ၂၇ ပေ သတ်မှတ်ထားပြီး လက်ရှိမှာ ၂၈ ဒသမ ဝ၇ ပေ ရောက်ရှိနေတာဖြစ်ပါတယ်။