ချင်းတွင်းမြစ်ထဲ ရေယာဉ်နှစ်စီး တိုက်မိ


2017.01.06

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာနားမှာ ချင်းတွင်းမြစ်ထဲ ခုတ်မောင်းတဲ့ စိုးသူရအောင် လူစီးမော်တော်ရေယာဉ်နဲ့ ဂျိုးဝါ ကုန်တင်မော်တော်ရေယာဉ်တို့ မနေ့ည ၈ နာရီလောက်က တိုက်မိပြီး လူ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

ညဘက်မှာ မောင်းရင်း မီးအားမကောင်းတာကြောင့် အခုလို တိုက်မိတာဖြစ်တယ်လို့ ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

"အမှန်က ညမောင်းတာဆိုတော့ တစီးနဲ့တစီး မီးအားက မကောင်းတော့ ဆီပေပါတင်တဲ့ရေယာဉ်က ခရီးသည်တင်တဲ့ ရေယာဉ်ကို ခါးဖြတ်တိုက်တယ်လို့တော့ အဲ့ရေယာဉ်မှာ ပါလာတဲ့ ခရီးသည် တစ်ယောက်က ပြောတယ်ဗျ။ ပေပါအလုံး ၄၀၀ လောက် တင်လာတဲ့ယာဉ်က ပွတ်တိုက် လိုက်တော့ ရေတွေဝင်လာတယ်။ ရေငယ်နေလို့ပေါ့ဗျာ။ ပြီးခဲ့တဲ့ အောင်စိုးမိုးကျော် တိုက်ခဲ့တဲ့အချိန်တုန်း ကလိုဆို တစ်စီးလုံးမြုပ်မှာပေါ့။ ရေက ချောင်းရေတွေ ဘာတွေမရှိတော့ဘူး။ မရှိတော့ ရေကလည်း ငြိမ်နေတဲ့အချိန်၊ ကမ်းကလည်း တိမ်နေတဲ့ အချိန်မို့လို့ပေါ့။ ၈ နာရီလောက်ဆိုတော့ လူတွေ မအိပ်ကြတဲ့ အချိန်မို့လို့ပေါ့ဗျာ။"

အဲဒီ ရေယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ၃ ယောက်ကတော့ ကနီမြို့နယ် ကင်းတိုက်နယ်ဆေးရုံ မှာ ဆေးကုသမှုခံယူခဲ့ရပြီး အခုအချိန်မှာတော့ ဆေးရုံက ဆင်းသွားပြီလို့ ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

မော်တော်ရေယာဉ်နှစ်စီးက ယာဉ်မောင်း နှစ်ယောက်လုံးကို ရေယာဉ်ကို မဆင်မခြင်မောင်းနှင်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၀ ၊ ရေယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူတစ်ဦးတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေမှု ပုဒ်မ ၃၃၇၊ ၃၃၈ တို့နဲ့ မောက္ကတော် ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ မောက္ကတော် ရဲစခန်းတာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။