တိုင်းရင်းသားအဖွဲ့တွေကို တရုတ်က ချုပ်ကိုင်နေခြင်းမရှိဟု လေ့လာသူတွေ ပြောကြား

RFA Burmese
2023.12.15
တိုင်းရင်းသားအဖွဲ့တွေကို တရုတ်က ချုပ်ကိုင်နေခြင်းမရှိဟု လေ့လာသူတွေ ပြောကြား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။
ညီနောင်မဟာမိတ်သုံးဖွဲ့

တရုတ်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကမကထလုပ်တဲ့ ဆွေးနွေးပွဲကနေ ရှမ်းပြည်မြောက်ပိုင်းမှာ အပစ်အခတ်ယာယီရပ်စဲဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား သဘောတူညီမှုရရှိခဲ့ပြီး တိုက်ပွဲတွေအခုလျော့နည်းသွားပြီလို့ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် ဒေသအများအပြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့ ရိုက်တာ သတင်းမှာတော့ ညီနောင်မဟာမိတ်အဖွဲ့ဟာ နှစ်ဖက်ကစားနေတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ပြောခွင့်ရ လီကျားဝင်းက အဲဒီလိုဆွေးနွေးပွဲတွေကို ဇွန်လမှာ စတင်ခဲ့ချိန်ကတည်းက တကယ်တော့ ၁ဝ၂၇ စစ်ဆင်ရေးအတွက် မိမိတို့က အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

MNDAA က ပြီးခဲ့တဲ့ ဇန်ဝါရီလဆန်းမှာ သင်တန်းဆင်းပေးခဲ့တဲ့ တပ်မဟာ ၆၁၁ ဟာ တိုင်းရင်းသားအဖွဲ့တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တွေနဲ့ တွေနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) စတဲ့ တော်လှန်ရေးအဖွဲ့ အများအပြားနဲ့စုဖွဲ့ထားတာဖြစ်ပြီး အင်အားထောင်နဲ့ချီရှိပါတယ်။ အဲဒီတပ်မဟာ ၆၁၁ မှာ ဒရုန်းတပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးလေ့လာသူတွေက တရုတ်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးစားနေတာတော့ မှန်ပါတယ်။ အထူးသဖြင့် တရုတ်သွေးပါတဲ့အဖွဲ့တွေကိုပါ။ ဒါပေမဲ့ အဲဒီအဖွဲ့တွေကို တရုတ်က ကိုင်တွယ်ထိန်းချုပ်နေတာတော့လည်း မဟုတ်ပါဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း စကော့ မာစီရယ်က တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ၁ဝ၂၇ စစ်ဆင်ရေးကို တရုတ်အစိုးရအလိုကျ ဆင်နွဲခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီစစ်ဆင်ရေးဟာ တရုတ်အစိုးရအတွက် ပြသနာ မရှိပါဘူး။ အနည်းဆုံး အဲဒီစစ်ဆင်ရေးအစမှာ တရုတ်အစိုးရရဲ့အန္တရာယ်ဖြစ်တဲ့ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းပေးခဲ့တာပဲလို့ ဝေဖန်ပါတယ်။

တရုတ်နိုင်ငံ လုံခြုံရေးအကြံပေးပုဂ္ဂိုလ်တဦးဖြစ်တဲ့ Zhu ဆိုသူက တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ရော တော်လှန်အင်အားစုတွေနဲ့ပါ မိတ်ဆွေတွေအဖြစ် ရင်းရင်းနှီးနှီး ဆက်ဆံနေပါတယ်။ အဲဒီမိတ်ဆွေနှစ်ဦး သူတို့အချင်းချင်း တိုက်ခိုက်ကြမယ်ဆိုလည်း ကျွန်တော်တို့ ဘာမှ ရွေးချယ်စရာလမ်း မရှိပါဘူး။ ဘယ်ဖက်ကိုမှလည်း အကူအညီပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်ပြည်ရဲ့ အဓိကအကျိုးစီးပွားကို ထိခိုက်နစ်နာအောင် လုပ်လာပြီဆိုရင်တော့ နစ်နာအောင်လုပ်သူရဲ့ ရန်သူကို ကျွန်တော်တို့က ကူညီမှာဖြစ်တယ်လို့ ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။