တရုတ်နိုင်ငံသားတွေ စိုက်ပျိုးရေးဝင်လုပ်တာကို ကန့်ကွက်မည်


2017.09.29
tissue-banana-622.jpg ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက တရုတ်နိုင်ငံကို တင်ပို့တဲ့ တစ်ရှူးငှက်ပျော စိုက်ခင်းတချို့ကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသဘက်မှာ စိုက်ပျိုးရေးလုပ်ဖို့အတွက် တရုတ်နိုင်ငံသားတွေ ရောက်ရှိနေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်းကို ဒေသခံတွေက ပြည်နယ်အစိုးရကို ရက်ပိုင်းအတွင်း စာပေး ပို့ တင်ပြသွားမယ်လို့ တာလောကြီးကျေးရွာက ရပ်မိရပ်ဖ တစ်ယောက်ဖြစ်တဲ့ ဦးစိုင်းစန်းဝေ က ပြောပါတယ်။

တာလောကြီးဒေသဘက်မှာ တရုတ်နိုင်ငံသားတွေ တံခါးမရှိ ဓါးမရှိ ဝင်ရောက်လုပ်ကိုင်နေတဲ့ အခြေအနေတွေကို ကန့်ကွက်ကြောင်း ပြောဆိုမှာဖြစ်တယ်လို့ ဦးစိုင်းစန်းဝေက ပြောပါတယ်။

"အခုက အသိမပေးဘဲနဲ့ ဒီအတိုင်းပဲ ပိုင်းစိုးပိုင်နင်း ဝင်ပြီးတော့မှ ဒါ သူတို့ နေရာထိုင်ခင်းတွေချတယ်။ ဖရဲစိုက်ဖို့တွေ ပြင်ဆင်လုပ်နေတယ်။ အဲဒါကို ဒီကသိတော့ သွားမေးတော့ စင်ကြိုင်ကုမ္ပဏီလက်ခွဲပါ ဆိုပြီးတော့မှ ပြောတာပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တာလောကြီးနယ်မှာ လာမလုပ်ဖို့ ကျနော်တို့က ဒီရပ်မိ ရပ်ဖတွေက ဝန်ကြီးချုပ်ဆီမှာ စာတင်ဖို့ရန်အတွက် စီစဉ်နေပြီ။ ပိုက်ဆံရှိတဲ့ ကုမ္ပဏီကြီးတွေကနေ မြေတွေ အများကြီးလာယူလိုက်တော့ ဒေသခံတွေမှာ လုပ်စားကိုင်စားဖို့ ဒါ မြေပျောက်ရမယ့် အနေအထားဖြစ်နေ တာ။ မြန်မာပြည်ဘက်ကို တရုတ်တွေက တံခါးမရှိ ဓါးမရှိ ဝင်နေတဲ့ကိစ္စကို ပြောချင်တာပေါ့။ ပြောမယ် ဆိုလို့ရှိရင် အရှေ့တံခါးပေါက်ကြီးဟာ ဟင်းလင်းပွင့်နေတယ်။ ဒါ ပြောချင်တာပေါ့လေ"

ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး ခေါင်ဖူးရွာသစ်၊ ဦးလောက်၊ တာလောကြီး စတဲ့ရွာတွေဘက်မှာ စင်ကြိုင်၊ ဆွတ်ဘွမ်၊ ပူတာအိုနဂါးနှစ်ကောင်စတဲ့ ကုမ္ပဏီတွေက တစ်ရှူး ငှက်ပျောစိုက်ခင်းတွေကို လုပ်ကိုင်နေကြပြီး အခုအခါမှာ ဖရဲစိုက်ပျိုးဖို့အတွက်ပါ ပြင်ဆင်လာကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

လတ်တလောမှာ ကုမ္ပဏီတချို့က တရုတ်နိုင်ငံသားတွေကို ထပ်ခေါ်လာပြီး တာလောကြီးရွာ အရှေ့တောင်ဘက် နောင်းရမ်းကွင်းဘက်က ဒေသခံတောင်သူတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူပြီး  ဖရဲ စိုက်ပျိုးဖို့ ပြင်ဆင်နေကြ တယ်လို့ ရွာသားတွေက ပြောပါတယ်။

အခုနှစ်ပိုင်းအတွင်း စိုက်ပျိုးရေးလုပ်ကိုင်ဖို့ တရုတ်နိုင်ငံသားတွေ အလုံးအရင်းနဲ့ ရောက်ရှိလာမှုနဲ့အတူ ကုမ္ပဏီတွေ က ဒေသခံရွာသားတွေရဲ့ လယ်ယာစိုက်ပျိုးမြေတွေကို နည်းမျိုးစုံနဲ့ သိမ်းယူမှုတွေကြောင့် မြေယာပြသနာတွေ လည်း ဖြစ်ပွားနေတာပါ။

ကုမ္ပဏီတွေက တရုတ်နိုင်ငံသားလုပ်သားတွေကို ခေါ်ယူရာမှာ အစိုးရက ခွင့်ပြုတဲ့ အရေအတွက်ထက်ပိုပြီး ခေါ်ယူတာတွေရှိနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စိုက်ပျိုးရေး၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ကဏ္ဍတွေမှာ လာရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၂ ထောင်ကျော်ရှိတယ်လို့ ပြီးခဲ့တဲ့ မေလအတွင်းက RFA နဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင် က ပြောဆိုထားပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။