ဒရုန်းတိုက်ခိုက်မှုကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ်သုံးဦး သေဆုံး

RFA Burmese
2024.04.30
ဒရုန်းတိုက်ခိုက်မှုကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ်သုံးဦး သေဆုံး ကလေးမြို့တိုက်ပွဲအတွင်း ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်က ဒရုန်းနှင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ်သုံးဦးအား PDF Zophai အဖွဲ့က ထုတ်ပြန်ထားစဉ်။
Facebook/PDF Zophai

ချင်းပြည်နယ်၊ တီးတိန်မြို့ မိုင်နွဲရွာနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းအစပ်မှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း ဧပြီ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ချင်းဒေသ ကာကွယ်ရေးတပ် PDF – Zophai တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ Zophai CDF တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့တယ်လို့ PDF Zophai အဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၉ နှစ်အရွယ် မောင်လားလ်ချန့်သန်ဒန်မာ၊ ၁၇ နှစ်အရွယ် မောင်ဗန်လားလ်းရင်းငါနဲ့ အသက် ၂၀ အရွယ် ဒုတပ်ခွဲမှူး ကိုဆမ်တဲတို့ဖြစ်ပြီး ဧပြီ ၂၈ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတစ်ဝိုက်က ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဒရုန်းနဲ့ပါ ဗုံးသီးချတိုက်ခိုက်နေတာကြောင့် ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နေ့တိုင်းလိုလို ဒရုန်းဗုံးသံ ကြားရတယ်။ စစ်ကောင်စီက ဒရုန်းနှစ်စင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမယ့်နေရာ တွေ လိုက်ရှာပြီး ကြဲနေတယ်။ လက်နက်ကြီးလည်း ပစ်တယ်၊ အဲဒီလိုဆိုတော့ ဒေသခံတွေလည်း မနေရဲတော့ဘူး”

ဧပြီလ ၂၁ ရက်နေ့ကလည်း တီးတိန်မြို့နယ် မိုင်နွဲရွာကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့ပြီး မိုင်နွဲနဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကလေးမြို့မြောက်ပိုင်းက ရွာတွေကိုပါ ဆက်ပြီးမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့ကလည်း ယောက်ချိုကွင်းနဲ့ နန်းချောင်းရွာအနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဆည်ကြီး၊ ယောက်ချိုကွင်းနဲ့ နန်းချောင်းရွာက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။